မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော
ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း
မေ ၁၇၊ ၂၀၂၅
နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။
“ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန် ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်။ တော်လှန်ရေး ရဲဘော်တွေအဖို့ အားထားစရာဟာ တော်လှန်ပြည်သူတွေပဲ ရှိပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။
ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ဧရာဝတီတိုင်းနဲ့ မြန်မာပြည်တဝှမ်းက တော်လှန်ပြည်သူတွေအားလုံး အတူတကွ ဆက်ရှိပေးကြဖို့ကိုလည်း ဦးရည်မွန်က တိုက်တွန်း နှိုးဆော်ထားပါတယ်။
“ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တနိုင်ငံလုံး ကွက်ပြည့်နီးနီးပဲ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်သားတွေရဲ့ အိမ်အပြန်ခရီးဟာ ဒီကွက်ပြည့် မဟာဗျူဟာကို ပိုပြီးပြည့်စုံစေခဲ့ပါတယ်” လို့လည်း ဦးရည်မွန်က ပြောပါတယ်။
ဒါ့အပြင် လက်နက်အားကိုးနဲ့ ပြည်သူကို ရန်ပြုနေတဲ့ စစ်အုပ်စုကို ရရာလက်နက် ဆွဲကိုင်ပြီး ခုခံတွန်းလှန်ဖို့မှတပါး တခြားရွေးချယ်စရာ မရှိခဲ့တာကြောင့် လူငယ်တွေဟာ PDF အဖြစ်ခံယူရင်း အသက်နဲ့ ဘဝကိုရင်းကာ တိုက်ပွဲဝင်နေချိန် တော်လှန်ပြည်သူတွေကလည်း ကိုယ့်ရဲ့ ချွေးနဲစာထဲက ဖြစ်နိုင်သမျှ ထောက်ပံ့လှူဒါန်းရင်း တော်လှန်ရေးခရီးကို အတူတကွ ဖြတ်သန်းနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။