ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား

by

in

ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား
မှူးအိန်ဂျယ်လ်/MFP၊မေ – ၁၇
ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေး ဖြစ်တယ်လို့ အမျိုးသားရေးညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာe ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
မြစ်ဝကျွန်းပေါ်သားတွေရဲ့ အိမ်ပြန်ခရီးအတွက် ဒို့ပြန်လာပြီ ဧရာဝတီကမ်းပိန်းအစီအစဉ်မှာ အခုလိုထည့်သွင်း ပြောကြားလိုက်တာပါ။
“ ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးပဲ ဖြစ်ပါတယ်” လို့ ဦးရည်မွန် က ပြောပါတယ်။
“ကွက်ပြည့်နင်း”ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပါယ်က စစ်သုံးမြေပုံပေါ်မှာ သတ်မှတ်ထားတဲ့ ပြောက်ကျားအခြေခံဒေသ နယ်မြေတွေကို မြေပုံ ဂရစ်ကွက် (Grid Square) တစ်ကွက်မကျန်အောင် အပြည့်အဝ ဝင်ရောက်ရှင်းလင်းရမယ် ဆိုတာနဲ့ တစ်နည်းအားဖြင့် ပြောက်ကျားအခြေခံဒေသတစ်ခုလုံးကို (တစ်လက္မ)မကျန် အင်အားသုံး ဝင်ရောက် ရှင်းလင်းပြီး စိုးမိုးချုပ်ကိုင်ထားရမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုပါတယ်။
“ လက်နက်အားကိုးနဲ့ ပြည်သူကို ရန်သတ်ပြုနေတဲ့ စစ်အုပ်စုကို ရရာလက်နက် ဆွဲကိုင်ပြီး ခုခံတွန်းလှန်မှုမှတပါး ပြည်သူတွေမှာ အခြား ရွေးချယ်စရာ မရှိကြပါဘူး။ အခုချိန်မှာ လူငယ်တွေက PDFအဖြစ် ခံယူရင်း အသက်နဲ့ ဘဝ ကို ရင်းပြီး တိုက်ပွဲဝင်နေတဲ့အချိန် တော်လှန်ပြည်သူတွေကလည်း ကိုယ့်ရဲ့ချွေးနှဲစာထဲက ဖြစ်နိုင်သမျှ ထောက်ပံ့ လှူဒါန်းရင်း တော်လှန်ရေးခရီးကို အတူတကွဖြတ်သန်းနေကြတာ ဖြစ်ပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါ တယ်။
နွေဦးတော်လှန်ရေးရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပြီး သမိုင်းသစ်ကို ဖန်တီးနေတယ်လို့လည်း ဦးရည်မွန် က ဆိုပါတယ်။
“ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်။ တော်လှန် ရေးရဲဘော်တွေအဖို့ အားထားစရာက ပြည်သူတွေပဲရှိပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စစ်ရေးဖြစ်ပေါ်တိုး တက်မှုအခြေအနေ အစီရင်ခံစာအရ “ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့(ပကဖ) တွေဟာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေလွတ်မြောက်ရေး အတွက်လည်း ပြည်နယ်ခုနစ်ခုလုံးမှာ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိတယ်” လို့ ဖော်ပြခဲ့ ပါတယ်။
မြစ်ဝကျွန်းပေါ် သားတွေဟာလည်း အဲဒီကွက်ပြည့်မဟာဗျူဟာကို ပိုပြီး ပြီးပြည့်စုံခဲ့တာကြောင့် ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDFရဲဘော်တွေနဲ့အတူ ဧရာဝတီတိုင်းနဲ့ မြန်မာပြည်တစ်ဝှမ်းက ပြည်သူတွေ အားလုံး ဆက်ရှိနေပေးကြဖို့လည်း ဦးရည်မွန်က တိုက်တွန်းခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP