ဝယ်သူမရှိသည့် ခြံအမှတ် (၅၄) ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံဈေး သတ်မှတ်ရန် ဦးအောင်ဆန်းဦး ပြော
001
(မဇ္ဈိမ) ။ ။ လေးကြိမ်တိုင် လေလံပစ်ခဲ့သော်လည်း ဝယ်ယူသူမရှိသည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံကြမ်းခင်းဈေး သတ်မှတ်ရန် ဦးအောင်ဆန်းဦးဘက်က ပြောထားကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံစျေးသတ်မှတ်ပေးရန်ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ (မေ ၁၅) ရုံးချိန်းတွင် နှစ်ဖက်တင်ပြလျှောက်ထားမှုများ ပြုလုပ်ခဲ့ကြကာ လာမည့် မေလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကြားဖြတ်အမိန့်တရပ်ချမှတ်သွားရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးထိန်းသိမ်းခံထားရကာ ခြံအမှတ် (၅၄) အပါအဝင် အမှုကိစ္စများ ဆွေးနွေးနိုင်အောင်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ရှေ့နေများဘက်က အကြိမ်ကြိမ်တင်ပြမှုကိုလည်း စစ်ကောင်စီဘက်က ပယ်ချထားသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများနှင့် တွေ့ခွင့်မပေးသည်မှာ အမှုများအမိန့်ချလို့ပြီးသည့် ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းက ဖြစ်သည်။
တဖက်တွင်လည်း ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချရန် ဆောင်ရွက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေများဘက်က ရုံးချိန်းများတွင် အစဉ်တစိုက် ကန့်ကွက်မှုများရှိခဲ့သည်။
နှစ်ဧကနီးပါး ကျယ်ဝန်းသည့် ခြံအမှတ် (၅၄) ၏ လေလံကြမ်းခင်းဈေးကို ယခင်က တရားနိုင် ဦးအောင်ဆန်းဦးဘက်က သတ်မှတ်တင်ပြခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က လေးကြိမ်မြောက် လေလံတင်ရောင်းချမှုတွင် ဦးအောင်ဆန်းဦးဘက်က တင်ပြသည့် လျှော့ဈေးအတိုင်း ကျပ်၂၇၀ ဘီလီယံဖြင့် ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ပေ။
အဆိုပါ ခြံကို လေလံကြမ်းခင်းဈေး ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၃၀၀ ဘီလီယံနှင့် တတိယအကြိမ် ကျပ် ၂၉၀ ဘီလီယံတို့ဖြင့် လေလံပစ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ခြံအမှတ် (၅၄) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။