မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင်

by

in

မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင်
ရန်ကုန်၊ စက်တင်ဘာ ၃
မကွေးတိုင်း၊ ပခုက္ကူ၊ မြိုင်မြို့နယ် အပါအဝင် မြို့နယ်များမှ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက် ပြေး တိမ်းရှောင်နေကြကြောင်း မကွေးတိုင်းရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ် အပါအဝင် မြို့နယ်များနှင့် နယ်မြေရဲစခန်းများမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို အမိန့်ဖီဆန်မှုဖြင့် မကွေးမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊ ယင်းနောက် ချုပ်နှောင်ထားသော ရဲများကို စစ်ကောင်စီက ပြန်လည် တာဝန်ထမ်းဆောင်ရန် ဖိအားပေးနားချပြီး ရဲအရာရှိနှင့် အကြပ်ရဲတပ်သားများကို ပြန်လွှတ်ပေးကာ
ရှေ့တန်းစစ်မြေပြင်သို့ ပြန်လည် စေလွှတ်ကြောင်း၊ ရှေ့တန်းပြန်လည် စေလွှတ်ခံရသည့် ရဲများမှာ ရှေ့တန်းမရောက်မီ ထွက်ပြေးတိမ်းရှောင်မှုများ များပြားလာကြောင်း သိရှိရသည်။
“မကွေးတိုက်ပွဲတွေမှာ ရဲအများအပြားသေဆုံးခဲ့ရတယ်။ အဲဒါ မသေဘဲ ပြန်ဆုတ်ခွာလာတဲ့သူတွေကိုလည်း မကွေးမြို့မှာ အမိန့်ဖီဆန်ပြီး ဆုတ်ခွာလာလို့ ထပ်ဖမ်းတယ်။ အမှတ် ၁ စခန်းမှာပဲ ဖမ်းတာ။ အဲဒါ အဖမ်းခံရတဲ့ ရဲတွေကို ရှေ့တန်းမှာ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ခိုင်းတယ်။ အဲဒါ ရဲတွေက ထောင်ကျခံမယ်။ ရှေ့တန်းမထွက်ဘူးဆိုပြီး ငြင်းဆန်ကြတယ်” ဟု မကွေးရဲသတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းနောက် ဩဂုတ်လလယ်မှစ၍ ဖမ်းဆီးထိန်းသိမ်းထားသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်အနက်မှ စစ်တပ်စစ်ကြောင်းများနှင့်အတူ ရှေ့တန်း စစ်မြေပြင်တိုက်ပွဲများဆီသို့ ပြန်လည် စေလွှတ်ကြောင်း၊ ထိုသို့ စေလွှတ်ခံရသော ရဲများမှာ ရှေ့တန်းစစ်မြေပြင်မရောက်မီ လမ်းတစ်ဝက်တွင်ပင် ထွက်ပြေး တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရဲတွေက သူတို့ရှေ့မှာတင် သောက်သောက်လဲသေနေတာကို ဘယ်လိုလုပ်ရှေ့ဆက်တက်ရဲမှာလဲ ၊ တစ်ဖွဲ့လုံးကို ပြန်ဆုတ်လာတာ ၊ ဒီရောက်တော့ အကုန် လုံးကို အချုပ်ထဲထည့်ထားတော့တာပဲ ၊ အခုပြန်လွှတ်ပေးပြီး ရှေ့တန်းပြန်လွှတ် နေတော့ ပြေးတဲ့သူကပြေး ရှောင်တဲ့သူကရှောင် ဖြစ်ကုန်တာပေါ့ ၊ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ရှေ့တန်းမလိုက်ရဖို့ ငွေပေးလိုက်နေတော့ စျေးကွက်တခုတောင်ဖြစ်နေပြီ ၊ ငွေပိုပေးနိုင်တဲ့သူက ရှေ့တန်းမထွက်ရတော့ဘူး ၊ တိုင်းမှူးတွေ မြို့နယ်မှူးတွေကလည်း ရဲဝန်ထမ်းတွေအကုန် ဓာတ်ပုံရိုက်ခိုင်းနေပြီး အချက်အလက်တွေနဲ့ မှတ်တမ်းတင်နေတယ် ၊ ထပ်ပြီးထွက်မပြေးရဲအောင် လု​ပ်​နေတာပါ ၊ ဒါပေမယ့် အချိန်အခါကြည့်ပြီး ပြေးဖို့ပြင်ဆင်ထားတဲ့သူတွေက တပုံကြီးပဲ”ဟု မကွေးတိုင်းရဲသတင်းရင်းမြစ်က ပြောဆိုသည်။
မကွေးမြို့ပေါ်တွင်လည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူလိုနေသဖြင့် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြင့် တပ်သားသစ်စုဆောင်းမှုများရှိနေပြီး ပြစ်ဒဏ်ကျရဲနှင့်စစ်သားများကိုလည်း တာဝန်ပြန်လည် ထမ်းဆောင်ရန် ဖိအားပေးမှုများကို စစ်ကောင်စီက လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ-မကွေးတိုင်းမှ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။(ပုံအဟောင်းဖြစ်ပါသည်။)