ကန်ကြီးထောင့်တွင် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဝင်ရန်နှင့် စစ်မှုထမ်းရန် အတင်း အကျပ် ဖိအားပေးသည့် အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးဇနီး ဒဏ်ရာ အပြင်းအထန်ရ

by

in

ကန်ကြီးထောင့်တွင် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဝင်ရန်နှင့် စစ်မှုထမ်းရန် အတင်း အကျပ် ဖိအားပေးသည့် အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးဇနီး ဒဏ်ရာ အပြင်းအထန်ရ
ရန်ကုန်၊ စက်တင်ဘာ ၃

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ပြီး စစ်မှု ထမ်းရန် အတင်းအကျပ် ခေါ်ဆောင်နေသည့် အောက်တံခွန်တိုင်ကျေးရွာ အုပ် စု ၏ အုပ်ချုပ်ရေးမှူး အောင်နိုင်ကို ဓားဖြင့် ဝင်ခုတ်ရာမှ အုပ်ချုပ်ရေးမှူး အောင်နိုင် ပွဲချင်းပြီးသေဆုံးကာ ၎င်း၏ဇနီးဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန် ကန်ကြီးထောင့်မြို့နယ် အောက်တံခွန်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်နိုင်ကို တစ်ရွာတည်းနေ သူက ဓားဖြင့် ဝင်ရောက်ခုတ်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဇနီးမှာလည်း ၎င်း၏ ခင်ပွန်းဖြစ်သူကို ဓားဖြင့်ခုတ်ချိန် ဝင်ရောက် တားဆီးသဖြင့် ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း၊ အုပ်ချုပ်ရေးမှူး အောင်နိုင်မှာ ဓားခုတ်မှုကြောင့် ပြတ်ရှဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်.
“ဓားနဲ့ဝင်ခုတ်တာက ဆန်းလင်းက ဝင်ခုတ်တာ။ အဓိက ပြည်သူ့လုံခြုံရေးအဖွဲ့ ဝင်လုပ်ဖို့ အုပ်ချုပ်ရေးမှူးက ဆန်းလင်းကို အတင်းလုပ်ခိုင်းတာ။ အရင်ကလည်း ဆန်းလင်းဆီကနေ ငွေအတင်းအကျပ်ကောက်လို့ စကားများဖူးတယ်။ ဓားနဲ့ခုတ်တဲ့ ဆန်းလင်းကတော့ လွတ်မြောက်သွားပါတယ်။ မမိဘူး။ အုပ်ကြီးအောင်နိုင်ကတော့ ပွဲချင်းပြီးပဲ။ ကြားထဲမှာ ဝင်ဆွဲတဲ့ အုပ်ကြီးကတော် ဒေါ်မိုး လည်း အခု ဆေးရုံမှာ အသက်အန္တရာယ်စိုးရိမ်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးတွင် ကြီးကြီး ငယ်ငယ် အမျိုး သားများကို စစ်မှုထမ်းရန်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအဖြစ် အတင်းအကျပ် စစ်မှုထမ်းရန် ဖိအားပေးမှုများဖြစ်ပေါ်နေပြီး အမျိုးသားတိုင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။