မန္တလေးတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့်အတူ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၊ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်မှု ရဲ ၂ ဦး ထိခိုက်

by

in

မန္တလေးတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့်အတူ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၊ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်မှု ရဲ ၂ ဦး ထိခိုက်
ရန်ကုန်၊ စက်တင်ဘာ ၃
မန္တလေးမြို့ပေါ် မြောက်ပြင်ဘက်တွင် ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှစတင်၍ မန္တလေး မြောက်ပြင်ဘက်တွင် ရှော့တိုက်ဒုံး အနည်းဆုံး ၅ လုံးမှ ၆ လုံးအထိ ပစ်ခတ်သံများကြားရပြီး တစ်ဆက်တည်းတွင် ပေါက်ကွဲသံကြီးများ ပါကြားရကြောင်း ၊ ယင်းနောက် မန္တလေးမြို့ပေါ် ရပ်ကွက်တချို့တွင် လျှပ်စစ်မီးများ ပြတ် တောက်သွားခဲ့ကြောင်း သိရှိရသည်။
” ရွှီး ဆိုတဲ့ အသံကြီးတွေအရင်ကြားရတာ။ ပြီးမှ ပေါက်ကွဲသံကြားရတာ။ ပေါက် ကွဲသံက ဆက်တိုက်ကြားရတာ။ နန်းတွင်းထဲကို ပစ်တာလားတော့မသိဘူး။ ကျုံးပတ်လည် က လူတွေအားလုံးကြားရတယ်။ လန့်နိုးလာကြတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့နံနက် ၄ နာရီဝန်းကျင်အချိန် ပစ်ခတ်မှုများတွင် လမ်း ၈၀×၁၁×၁၂ လမ်း ကြား ကိုရီးယား အကြောပြင် တိုက်အပေါ်ဆုံးထပ်သို့ လက်နက်ကြီး တစ်လုံးကျရောက်ခဲ့ပြီး အမိုးပွင့်ထိခိုက်ပျက်စီးကား လူထိခိုက်မရှိကြောင်း၊ ဒုတိယတစ်လုံးမှာ အမှတ် ၄ ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ် ထပ် အုတ်နံရံပျက်စီးသွားကြောင်း၊ တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 က သတင်းဖော်ပြထား သည်။
အလားတူ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force.UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီ ၁၄ မိနစ်ခန့်အချိန် သန်လျင်မြို့နယ်၊ သီလဝါ ဆိပ်ကမ်း ဇုံ ၁ ဂိတ်ပေါက်ကို Mother Son Yangon Force.UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင် ဦးဆောင်ပြီး လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြေပြင် အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“သီလဝါဆိပ်ကမ်း ဇုန် ၁ ဂိတ်ပေါက်ဝ တည့်တည့်ကို ကျွန်တော်တို့ ည ၈ နာရီ ၁၄ မိနစ်ခန့်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက် ပါတယ်။ ပထမ တိုက်ခိုက်တဲ့ အချိန်မှာ စစ်ခွေး ဇုန် ၁ ရဲ့ ညာဘက်ခြမ်းကို အသီး ၁ လုံးက ကျရောက် ပေါက် ကွဲတဲ့ အချိန်မှာ ကျန်တဲ့ အတွင်းထဲမှာရှိတဲ့ ရဲခွေး အပါအဝင် လုံခြုံရေး အ စောင့် ၆ ယောက်က ထွက်လာတယ်။ အဲချိန်မှာ နောက်ထပ် အသီး ၁ လုံး ကျ ရောက် ပေါက်ကွဲတဲ့ အချိန်မှာ ရဲခွေး ၂ ကောင် ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြေ ပြင် အခြေအနေအရ သိရပါတယ်” ဟု Mother Son Yangon Force.UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ နန်းတွင်းသို့ ဦးတည်သော ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးတချို့။

မန္တလေးနန်းတွင်းမြောက်ဘက် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ
▪️ရွှေကျင်တိုးဂိတ်တိုက်ခိုက်ခံရမှု ထိခိုက်မှုရှိဟုဆို
အင်ကြင်း/People’s Spring
မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ရုံးစိုက်ရာ နန်းတွင်းမြောက်ဘက်တွင် ရှော့တိုက်ဒုံးများဖြင့် စတင်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ယနေ့(စက်တင်ဘာ ၃ရက်) နံနက် ၄နာရီခန့်က မန္တလေးမြောက်ပြင်တွင် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လမ်း ၈၀×၁၁ လမ်းနှင့် ၁၂ လမ်းကြားရှိ ကိုရီးယားအကြောပြင်ဆိုင် တိုက်အပေါ်ဆုံးထပ်သို့လက်နက်ကြီးတစ်လုံးကျရောက်ပြီး အမိုးပွင့်ကာ လူထိခိုက်မရှိကြောင်း၊ ဒုတိယတစ်လုံးမှာ အမှတ် (၄)ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ်ထပ် အုတ်နံရံပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ၊တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း MDY Revolution အဖွဲ့က ဖော်ပြသည်။
“အိမ်ပေါ်ကျမလို အသံကြီးက ရွှီးဆိုပြီး မြေတုန်ခါသွားတယ်။ အိမ်ပါတုန်တယ်။သူရဲစျေး ဘူတာစျေးနားက အိမ်တစ်လုံးပေါ် ကျတယ်ပြောတယ်”ဟု မန္တလေးမြို့မြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့အထွက် မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီတပ်များရှိရာ ရွှေကျင်တိုးဂိတ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် စစ်အုပ်စုအထိအခိုက်ရှိကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးများမှာ နန်းတွင်းအား ရည်ရွယ် ပစ်ခတ်သည်ဟု ယူဆရပြီး ကျရောက်ခြင်းရှိ၊မရှိ မသိရသေးကြောင်း မြောက်ပြင်ဒေသခံအချို့က ပြောသည်။
ယခုပစ်မှတ်များသည် စစ်ကောင်စီတပ်၏ ကင်းနေရာများအား အဓိကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုယူဆရ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးဆုံးနေရာများမှ ရှောင်ရှားနေသင့်ကြောင်း MDY Revolution က သတိပေးသည်။
ပစ်ခတ်ခဲ့သည့်အဖွဲ့အစည်းကိုမူ လက်တလောမသိရသေးပေ။
တိုက်ခိုက်ခံရပြီးနောက် မတ္တရာမြို့နယ် ညောင်ကုန်း(မြောက်ရွာ)မှ သုံးဆယ်ပေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း MDY Revolution က ထပ်မံအသိပေးသည်။
မြောက်ပြင်ရပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ နန်းတွင်း၏မြောက်ဘက် တွင်တည်ရှိပြီး မတ္တရာမြို့နယ်ဘက်သို့ထွက်သည့်ဘက်အခြမ်းတွင် တည်ရှိသည်။ စစ်ကောင်စီတပ်သည် သြဂုတ်လဆန်းပိုင်းကတည်းက မန္တလေးမြို့တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ မန္တလေးတောင်ပေါ်၌ လက်နက်ကြီးပါ တပ်ဆင်ထားကြောင်း၊ ထို့အပြင် မြို့တွင်းအထပ်မြင့်အဆောက်အအုံများ၌ပါ ကင်းချကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
ယနေ့နံနက်ပစ်ခတ်မှုတွင် မန္တလေးမြို့၊ ညောင်ကွဲရပ်၊ ၈၉လမ်း၊ ၈လမ်းနှင့် ၉လမ်းကြားရှိ တိုက်တစ်လုံးလည်း ရှော့တိုက်ဒုံးထိမှန်၍ ပျက်စီးပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
(ညောင်ကွဲရပ်၌ ရှော့တိုက်ဒုံးထိမှန်ခဲ့သောတိုက်အားတွေ့ရစဥ်။ဓာတ်ပုံ – CJ)