မန္တလေးတံတားဦးလေဆိပ်မှာ MNA လေယာဉ် မီးလောင်စဉ် အရေးပေါ် တံခါးဖွင့် မပေးမှု သက်ဆိုင်ရာသို့ တိုင်ကြားမည်
ရန်ကုန်၊ မေ ၇
မန္တလေးမြို့ တံတားဦး လေဆိပ်ကနေ ရန်ကုန်မြို့ဆီသို့ ပျံသန်းမယ့် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines -MNA ) လေယာဉ်တစ်စင်း မနေ့ညပိုင်း လေယာဉ်ဘီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာမှာ အရေးပေါ် တံခါးဖွင့်မပေးခဲ့မှုအတွက် သက်ဆိုင်ရာကို စာပေးပို့ အကြောင်းကြား တိုင်ကြားမယ်လို့ ခရီးသည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ဆက်သွယ်ပြောဆိုပါတယ်။
မေလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA ) လေယာဉ် UB 812 က မန္တလေး တံတားဦးလေဆိပ်ကနေ ရန်ကုန်ကို မထွက်ခွာခင်လေယာဉ်ဘီးပေါက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။
“ Captain ကိုယ်တိုင် မီးလောင်တာ မီးငြိမ်းနေပါပီလို့ဝန်ခံတဲ့ အချိန်ထိတောင် Emergency တံခါးပေး မဖွင့်ဘူး ဆိုးလိုက်တဲ့ MNA ပီးတော့ ပြေးလမ်းပေါ်မှာ ဒါတောင် အပေါ်ပျံဖို့ နှစ်ခါ ကြိုးစားသေးတာ လုံးဝမတက်လို့ညှော်နံ့ထွက်မှ မီးလောင်မှန်းသိတာ” လို့ ခရီးသည်တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
လေယာဉ်မှာ လိုက်ပါတဲ့ အခြားခရီးသည်တစ်ဦးကလည်း လေယာဉ်မှာ မီးလောင်မှုကြောင့် ညှော်နံ့တွေ ရနေပေမယ့် အရေးပေါ် တံခါး ဖွင့်မပေးတာ၊ လေယာဉ်နဲ့ပတ်သက်လို့ ခရီးသည်တွေကို သေချာစွာ ရှင်းမပြခဲ့တာတွေအတွက် သက်ဆိုင်ရာကို စာရေးသားပေးပို့ တိုင်ကြားမယ်လို့ ဆိုပါတယ်။