ရန်ကုန်တွင် ငလျင်လှုပ်၊ အထပ်မြင့်တွင်နေသူအချို့ လမ်းမပေါ်ပြေးဆင်း
■လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီးဗဟိုပြု၍ ရစ်ချ်တာစကေး ၃.၇ ရှိသောငလျင်လှုပ်ခြင်းဖြစ်
မေ ၆၊၂၀၂၅။နေ့သစ်/People’s Spring
ရန်ကုန်မြို့၌ ယနေ့(aမေ ၆ရက်) ည ၁၀နာရီ ၅၆ မိနစ်တွင် ငလျင်လှုပ်ခတ်သွားပြီး စမ်းချောင်း၊ လှိုင်မြို့နယ်အပါအဝင် မြို့နယ်အချို့ အထက်မြင့်တိုက်ခန်းနေထိုင်သူများ လမ်းမပေါ်ပြေးဆင်းခဲ့ကြသည်။
ငလျင်သည် ည ၁၀နာရီခန့်က တစ်ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ၁၀နာရီ ၅၆ မိနစ်တွင် လှုပ်သောငလျင်မှာ သိသိသာသာခံစားလိုက်ရ၍ လမ်းမပေါ်သို့ ထွက်နေခြင်းဖြစ်ကြောင်း စမ်းချောင်းတွင်နေထိုင်သူ တစ်ဦးက ပြောသည်။
“မြို့ထဲမှာလည်း လှုပ်တယ်တဲ့။ ၁၅ လမ်း ၊ ၁၇ လမ်း လူတွေအများကြီးပဲတဲ့။ ဒီညတော့ မအိပ်ရဲတော့ဘူး။”ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“မစိုးရိမ်တိုက်တုန်းကတောင် ပထမတစ်ခါလှုပ်ပြီးတော့ ဆင်းပြေးရင်မှီတာကို ဆက်ထိုင်နေကြတာ ။အသက်ကိုဉာဏ်စောင့်တဲ့။ ကံလည်းပါတာပေါ့”ဟု လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ငလျင်မှာ တစ်ချက်တည်းလှုပ်ခတ်ခြင်းဖြစ်သော်လည်း တိုက်အမြင့်ပေါ်တွင် နေထိုင်သူများစိုးရိမ်ထိတ်လန့်ကာ တိုက်အောက်သို့ ဆင်းနေကြသည်ကို တွေ့ရသည်။
လူအများစုသည် အရေးပေါ်အထုပ်များပြင်ဆင်ထားကာ တိုက်အောက်သို့ဆင်းနေကြခြင်း ဖြစ်သည်။
ည ၁၀နာရီ ၅၅ မိနစ်အချိန်ခန့်တွင် လှုပ်ခတ်သောငလျင်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီ
တာ (၆ မိုင်ကျော်)ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃.၇ ရှိသောအင်အားအနည်းငယ်ရှိသည့် မြေငလျင်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန
(MOHADM) ကထုတ်ပြန်သည်။
ထို့အပြင် ည ၉ နာရီ ၄၀ မိနစ်အချိန်ကလည်းအဆိုပါနေရာအနီး၌ပင် ရစ်ခ်တာစကေး ၂.၉ အဆင့်နှင့် ငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့သည်ဟုအသိပေးထားသည်။
ယေဘုယျအားဖြင့် ရစ်ခ်တာစကေး၄နှင့်အထက်ငလျင်များသည် ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်သော်
လည်း ရန်ကုန်တိုင်းအတွင်းလှုပ်ခတ်သည့် ငလျင်ငယ်များအတွက်အများပြည်သူ စိုးရိမ်ပူပန်မှုများရှိခြင်းကြောင့် သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်ဟုဖော်ပြထားသည်။ထိုအပြင် မြေငလျင်တိုင်းတာစက်များနှင့် ငလျင်ဗဟိုချက်၏အနီးအဝေးပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်း
ငယ်ကွာခြားမှုရှိနိုင်ကြောင်းလည်းသိရသည်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ယင်းငလျင်၏နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် MOHADMက သတိ ပေးထားသည်။
ရန်ကုန်မြို့အနီးတွင် ငလျင်ပြတ်ရွေ့အချို့ရှိပြီး ဒေဒရဲ့ပြတ်ရွေ့လှုပ်ရှားပါကလည်း ရန်ကုန်တွင်လည်း မြေလွှာလှုပ်ရှားမှုရှိသည်။
ထို့အပြင် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်ပိုင်းဟု ဘူမိဗေဒပညာရှင်များက သတ်မှတ်ထားသည့် ပဲခူးမြို့အနီးတွင် ငလျင်လှုပ်ရှားပါက ရန်ကုန်တွင်လည်း သတိပြုရန်လိုအပ်သည်ဟု ပညာရှင်များကသတိပေးထားသည်။ ရန်ကုန်တွင် ယနေ့ညလှုပ်သည့်ငလျင်နှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။
(ယနေ့ည ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်၍ ကြောက်လန့်ကာ လမ်းမပေါ်ထွက်နေကြသူများ။ ဗီဒီယို − CJ)
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူများ သိသာစွာ ခံစားလိုက်ရပြီး လမ်းများပေါ်တွင် နေထိုင်ကြ
ရန်ကုန်၊ မေ ၇
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က သတင်းထုတ်ပြန်သည်။
ယနေ့ မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါကြောင်း ၊ အဆိုပါနေရာအနီး၌ပင် ယနေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ရစ်ခ်တာစကေး ၂ ဒသမ ၉ အဆင့်နှင့် ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
NUG ၏ ထုတ်ပြန်ချက်တွင် ယေဘုယျအားဖြင့် ရစ်ခ်တာစကေး ပြင်းအား ၄ နှင့်အထက် ငလျင်များသည် ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်သော်လည်း ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်သည့် ငလျင်ငယ်များအတွက် အများပြည်သူ စိုးရိမ်ပူပန်မှုများရှိခြင်းကြောင့် သိရှိနိုင်ပါရန် အသိပေးအပ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ကျနော်တို့တော့ အိမ်အောက်မှာ။ ငလျင်က အရမ်းကြီးတော့ မကြမ်းဘူး။ ဒါပေမယ့် အရမ်းသိသာတယ်။ တအိအိနဲ့ လှုပ်တာ။ အထပ်မြင့်တွေ အကုန်သိသာတာ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။
မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့သည့်အတွက် ယခုည လှုပ်ခတ်သော ငလျင်ကို ပြည်သူများ ထိတ်လန့်စိုးရိမ်နေကြသည်ဟု ရန်ကုန်မြို့ခံအများစုက ပြောဆိုကြသည်။
“ရန်ကုန်မှာ တိုက်တာပိုများတော့ ငလျင်ကို ကြောက်တယ်။ တိုက်တွေကလည်း ဖြစ်သလို ဆောက်ထားကြတာ” ဟု ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မျိုးချစ်လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။