ရန်ကုန်၊ ဧရာ၀တီနှင့်ပဲခူးအတွင်းသို့ KNU ၏ စစ်သင်တန်းဆင်း PDF နှင့် UG များ စိမ့်ဝင်ပြီး လက်နက်ခဲယမ်းများ သယ်ယူရန်ရှိနေဟု စစ်ထောက်လှမ်းရေးက အစီရင်ခံစာ တင်၊ လုံခြုံရေးတင်းကျပ်စွာဖြင့် စုံစမ်း ဖော်ထုတ်ရန် ညွှန်ကြား

by

in

ရန်ကုန်၊ ဧရာ၀တီနှင့်ပဲခူးအတွင်းသို့ KNU ၏ စစ်သင်တန်းဆင်း PDF နှင့် UG များ စိမ့်ဝင်ပြီး လက်နက်ခဲယမ်းများ သယ်ယူရန်ရှိနေဟု စစ်ထောက်လှမ်းရေးက အစီရင်ခံစာ တင်၊ လုံခြုံရေးတင်းကျပ်စွာဖြင့် စုံစမ်း ဖော်ထုတ်ရန် ညွှန်ကြား
ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းအတွင်းသို့ KNU ၏ စစ်သင်တန်းဆင်း PDF နှင့် UG များ စိမ့်ဝင်ပြီး လက်နက်သယ်ယူရန်ရှိနေကြောင်း စစ်ထောက်လှမ်းရေးက အစီရင်ခံစာတင်ပြထားပြီး အဆိုပါသတင်းများကို အမာခံသတင်းပေး ၂၂ ဦးနှင့် စပိုင် ၄ ဦးက သတင်းပေးပို့ကြောင်း ယင်းစစ်ထောက်လှမ်းရေး အစီရင်ခံစာက ဆိုသည်။
KNU တပ်မဟာ ၁ နှင့် KNU တပ်မဟာ ၃ တို့ထံတွင် PDF များ စုဝေးရောက်ရှိ အခြေပြုနေပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့် ဧရာ၀တီတိုင်း အတွင်းသို့ PDF နှင့် UG များ စိမ့်ဝင်နေကြောင်း၊ PDF နှင့် UG များသည် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ကုန်သည်များကို ချိတ်ဆက်၍ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ပြီး လက်နက်ခဲယမ်းနှင့်မိုင်းများကို စောင့်ဆိုင်းနေကြကြောင်း သိရှိရသည်။
NUG ကလည်း စီမံချက်အဖြစ် KNU ထံ ရောက်ရှိနေသော PDF များကိုအသုတ်လိုက်ခွဲ၍ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအတွင်းသို့ ပြန်လည်စေလွှတ်နေကြောင်း၊ လတ်တလော ရရှိထားသော သတင်းများအရ နေရာဒေသအသီးသီးတွင် စိမ့်ဝင် ရောက်ရှိနေသော PDF နှင့် UG အင်အား ၅၀၀ ဝန်းကျင်ရှိနိုင်ကြောင်း၊ လမ်းကြောင်းအားဖြင့် စစ်တောင်းမြစ်ကို နွားမှောင်ခိုလမ်းမှကူး၍ က၀မြို့နယ်၊ ဇွဲတွန်၊ ခရမ်း၊ သုံးခွမှ ဝင်ကြောင်း၊ လက်နက်ပါ သယ်သွားသူများရှိသကဲ့သို့ လက်နက်များကို စောင့်ဆိုင်းနေသည့် PDF များလည်း ရှိကြောင်း စစ်ကောင် စီ၏ စစ်ထောက် လှမ်းရေးအစီရင်ခံစာက ဆိုသည်။
စိမ့်ဝင်လာသော PDF များသည် Safe House များတွင် ခွဲ၍ ရှိနေကြပြီး အလုပ်သမားများအဖြစ်လည်းကောင်း၊ ကျောင်းသားများအဖြစ်လည်းကောင်း လုပ်စရာရှိသည်ကိုများကို လုပ်ဆောင်ကြပြီး တိုက်ပွဲဖော်ဆောင်မည့်အချိန်ကို စောင့်ဆိုင်းနေကြကြောင်း၊ မစ်ရှင်များလည်း လုပ်ဆောင်နေပြီး သတင်းပို့ချက်များအရ မြို့ပြတိုက်ပွဲ ဖော်ဆောင်မည့် ၃ ပုံ ၂ ပုံခန့် ရောက်ရှိနေပြီဟုဆိုနိုင်ကြောင်း စစ်ထောက်လှမ်းရေး အစီရင်ခံစာက ဆိုသည်။
ထို့ကြောင့် လမ်းတလျှောက် စစ်ဆေးရေးဂိတ်များကို တင်းကျပ်စွာ စစ်ဆေးရန်၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် လာဘ်မစားရန်၊ လာဘ်စားသော တပ်ဖွဲ့များကို တင်းကျပ်စွာ စစ်ဆေးအရေးယူရန် ၊ လုံခြုံရေးအရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် ဧည့်စာရင်း စစ်ဆေးမှုများကို အမြဲလုပ်ဆောင်ပြီး မသင်္ကာသူများကို ချက်ချင်း ဖမ်းဆီး စစ်ကြော ဖော်ထုတ်ရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသည်တင်ကားများကို လမ်းခရီးတွင် စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)