မန္တလေး စက်မှုမှာ အလုပ်ပြန် လူငယ်နှစ်ဦးကို ငွေညှစ်မရလို့ဆိုပြီး စစ်အုပ်စုက သတ်ဖြတ်၊ စစ်အုပ်စု၊ ပျူ၊ မီးသတ်နဲ့ အုပ်ကြီးတွေ ပေါင်းကာ မူးရူးသောက်စားပြီး ရပ်ကွက်ထဲ ဖမ်းဆီးငွေညှစ်၊ ထင်တိုင်းကျဲ သတ်ဖြတ် သောင်းကျန်းနေ၊

by

in

မန္တလေး စက်မှုမှာ အလုပ်ပြန် လူငယ်နှစ်ဦးကို ငွေညှစ်မရလို့ဆိုပြီး စစ်အုပ်စုက သတ်ဖြတ်၊
စစ်အုပ်စု၊ ပျူ၊ မီးသတ်နဲ့ အုပ်ကြီးတွေ ပေါင်းကာ မူးရူးသောက်စားပြီး ရပ်ကွက်ထဲ ဖမ်းဆီးငွေညှစ်၊ ထင်တိုင်းကျဲ သတ်ဖြတ် သောင်းကျန်းနေ၊
တေဇ/MFP ၊ စက်တင်ဘာ – ၁

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)၊ (ဇ)ရပ်ကွက်၊ (၅၆)လမ်းနဲ့ (၁၃၃)လမ်းမှာ ဩဂုတ်လ(၂၇)ရက် ညပိုင်းက အလုပ်က ပြန်လာတဲ့ လူငယ်နှစ်ဦးရဲ့ ဆိုင်ကယ်ကို စစ်အုပ်စုက တားဆီးစစ်ဆေးပြီး ငွေညစ်ရာက ဆိုင်ကယ် ရပ်မပေးဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ဦးလုံးကို သတ်ဖြတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အဲ့ဒီ စက်မှု(၁)၊ (ဇ)ရပ်ကွက်ရုံးရှေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ စစ်အုပ်စုနဲ့ပျူတွေက ညစဉ် မူးရူးသောက်စားကာ ရုံးရှေ့က လမ်းပေါ် ဖြတ်သန်းသွားလာသူတွေကိ ဖမ်းဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲနေတာ ဖြစ်ပြီး ဩဂုတ်လ(၂၇)ရက် ညပိုင်းက အလုပ်က ပြန်လာတဲ့ လူငယ်နှစ်ဦးရဲ့ ဆိုင်ကယ်ကို တားဆီးငွေညှစ်ရာက လူငယ်နှစ်ဦးလုံး အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက်(၂၀)ကျော်အရွယ် လူငယ်တွေ ဖြစ်ပြီး တစ်ဦးကတော့ အလောင်းပြန်ရကာ နောက်တစ်ဦးက အဆက်အသွယ် မရဘဲ လက်စဖျောက်ခံလိုက်ရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“(၅၆)လမ်းနဲ့ (၁၃၃)လမ်းထောင့်က (ဇ)ရပ်ကွက်ရုံးရှေ့မှာ ဖြစ်သွားတာပါ။ အလုပ်ပြန်တဲ့ ကလေးနှစ်ယောက်ကို ဆိုင်ကယ်ကို ဇွတ်တားရင်းနဲ့ ကလေးနှစ်ယောက်က ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲသွားပြီးတော့ တစ်ယောက်ကတော့ ညတွင်းချင်း လောကပါလ လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံပို့လိုက်ရတယ်။ မနက်ကျတော့ ဆုံးပြီတဲ့။ နောက်စေ့ တခုလုံးက ကြေမွပြီးတော့ ဆုံးတာတဲ့။ အသက်က (၂၅)နှစ်ပဲ ရှိသေးတယ်။ နောက်ထပ် ကျန်တဲ့ ကလေးတစ်ယောက်ကျတော့ ပျောက်နေတယ်။ အခုထိ ပျောက်နေတုန်းပဲ။ အဲ့ညကတည်းက သေနတ်သံ သုံးချက် ကြားရတယ်။ ရပ်ကွက်ထဲ ပြောနေကြတာတော့ အဲ့တစ်ယောက်ကိုလည်း လက်စ ဖျောက်လိုက်ပြီတဲ့”
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးက တစုံတရာ ဖြေရှင်းချက် မပေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့အချိန်ထိလည်း အဲ့ဒီ (ဇ)ရပ်ကွက် အပါအဝင် မန္တလေးမြို့သစ်ထဲမှာ စစ်အုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ပျူတွေ ပေါင်းပြီး ဖမ်းဆီးငွေညှစ်တာ၊ ဧည့်စာရင်းစစ်တာ၊ စိတ်ထင်တိုင်း သတ်ဖြတ်တာ၊ တခါတလေ ဓားပြတိုက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလို လူမဆန်တဲ့ လုပ်ရပ်တွေက အခုဖြစ်စဉ် တစ်ခုထဲ မဟုတ်ဘူး။ တခြားရပ်ကွက်တွေမှာလည်း ဖြစ်နေတာတွေ ရှိတယ်။ ဒီကောင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် အမှန်တရားကို ထုတ်ဖော်ပြောရမှာ ပြည်သူတွေက ကြောက်နေရတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
မန္တလေးမြို့က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ၂၀၂၂ ကတည်းက စစ်အုပ်စုက သေနတ် ထုတ်ပေးထားသလို ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းသူ၊ လောင်းကစားဒိုင် စသူတွေနဲ့ ထောင်ထွက် လူဆိုးသူခိုးတွေကို စစ်အုပ်စုက ပျူအဖြစ် လက်သပ်မွေးကာ လက်နက်တွေ ထုတ်ပေးထားပါတယ်။
လက်ရှိမှာ စစ်အုပ်စု၊ ပျူ၊ မီးသတ်နဲ့ အုပ်ကြီးတွေက မန္တလေးမြို့ပေါ် ရပ်ကွက်တွေထဲ နေ့ရော၊ညပါ ဧည့်စာရင်း စစ်တာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုတာတွေ လုပ်နေပြီး စိတ်ထင်တိုင်း သတ်ဖြတ်တာတွေပါ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးကျုံးဘေး လမ်းမပေါ် ဆိုင်ကယ်စီး သွားလာနေရင်း ပစ်သတ်ခံရသူတွေ အပါအဝင် စစ်အုပ်စုက တားဆီးငွေညှစ်ဖို့ ကြိုးစားရင်း သတ်ဖြတ်ခံရတဲ့ မြို့ခံပြည်သူ (၅၀)ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။
ဩဂုတ်လ(၂၇)ရက် ညပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)၊ (ဇ)ရပ်ကွက်၊ (၅၆)လမ်းနဲ့ (၁၃၃)လမ်းထောင့်မှာ အလုပ်က ပြန်လာတဲ့ လူငယ်နှစ်ဦးရဲ့ ဆိုင်ကယ်ကို စစ်အုပ်စုက တားဆီးငွေညစ်ရင်း သတ်ဖြတ်လိုက်တဲ့ လူငယ်တစ်ဦး/Photo – ပေးပို့
#Mandalay_Free_Press_MFP