ဆင်ပေါင်ဝဲရှိ စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိ
ရန်ကုန်၊ ဧပြီ ၂၆
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၃) ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ရှော့တိုက်ဒုံး ၁၀ လုံးစလုံး အရေးပါသော Primer စက်ရုံ အပါအဝင် အခြားစက်ရုံများကို ထိမှန် ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအများအပြားရှိကြောင်း၊ ထို တိုက်ခိုက်မှုသည် BWM နှင့် မဟာမိတ် အဖွဲ့များက BWM Mission 34 အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကပစ ၁၃ သည် ပြည်သူများကို သတ်ဖြတ်ရာ၌ စစ်ရှုံး ကောင်စီ အဓိက အသုံးပြုနေသော အသေးစား ကျည်ဆံမှ အစ အကြီးစား လေယာဉ် ဗုံးသီးများအထိ ပြုလုပ်ရာတွင် အဓိက အသုံးပြုရသော Detonator နှင့် Primer (အစပျိုးယမ်း) များကို အဓိက ထုတ်လုပ် ပေးနေသည့် အရေးအပါဆုံးသော ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ခဲယမ်းထုတ်လုပ်ရေးတွင် ကျည်ဆံမှ စ၍ လက်ပစ်ဗုံးနှင့် missile များ အထိ ကပစ ၁၃ ၏ Primer စက်ရုံမှ ထုတ်လုပ်သော Primer များကို အသုံးပြုနေရသည့်အတွက် ထိုစက်ရုံ ပျက်စီးပါက ၎င်းကို မှီခို၍ ထုတ်လုပ်နေသော ကပစ ၃၊ ကပစ ၅၊ ကပစ ၇၊ ကပစ၁၂၊ ကပစ ၁၅ ၊ ကပစ ၁၇ နှင့် ကပစ ၂၁ တို့ ၏ ထုတ်လုပ်မှုများလည်းထိခိုက်မည်ဖြစ်ကြောင်း သိရှိရသည်။
“စစ်ကောင်စီဘက်က ကပစကို တိုက်ခိုက်ခံရတဲ့ ပုံစံမပေါက်အောင် လက်နက်ကြီးတွေနဲ့ ပြန်ထုနေပြီး ရှော့တိုက်ဒုံးပစ်ခံရလို့ ကြားခဲ့ရတဲ့ ပေါက်ကွဲသံတွေကို တိုက်ပွဲဖြစ်လို့ အသံတွေထွက်နေသလိုလို လုပ်နေတယ်လို့သိရပါတယ်။ ကပစ ၁၃ ကို ပစ်နိုင်တာဟာ ကျနော်တို့အတွက် အင်မတန်အားရတဲ့ မစ်ရှင်ဖြစ်သလို ကျနော်တို့ နွေဦးတော်လှန်ရေးအင်အားစုတွေအတွက်လည်း ကြီးမားတဲ့အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ နယ်မြေခံ Upper Minhla P.D.F နှင့် People independence army (PIO/PIA) အဖွဲ့ တို့မှလည်း အားဖြည့်ကူညီပေးခဲ့ကြောင်း သိရသည်။