ဘိလပ်မြေတစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ငွေကျပ် ၄၀၀၀၀ ကျော်သွားချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်အိတ်လျှင် ၁၇၀၀၀ ဖြင့် ရောင်းရန် စျေးနှုန်းသတ်မှတ်အမိန့်ပေး 🟥 ဘိလပ်မြေများ အမြတ်တင် ရောင်းချမှုဖြင့် ဆိုင် ၆၂ ဆိုင်နှင့်ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး

by

in

ဘိလပ်မြေတစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ငွေကျပ် ၄၀၀၀၀ ကျော်သွားချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်အိတ်လျှင် ၁၇၀၀၀ ဖြင့် ရောင်းရန် စျေးနှုန်းသတ်မှတ်အမိန့်ပေး
🟥 ဘိလပ်မြေများ အမြတ်တင် ရောင်းချမှုဖြင့် ဆိုင် ၆၂ ဆိုင်နှင့်ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၂၆
မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုများပြားချိန် ဘိလပ်မြေ တစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ၄၀၀၀၀ ကျော်သွားသော်လည်း စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀ ဖြင့် ရောင်းချရမည်ဟု စျေးနှုန်းသတ်မှတ်လိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲရေးအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း စျေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်သည်။
စိုးဝင်းက ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀ ဖြင့် ရောင်းချပေးရန် သက်ဆိုင်ရာ ဘိလပ်မြေစက်ရုံများသို့ စျေးနှုန်းများ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း၊ ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများမှ ဘိလပ်မြေတန်ချိန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုသည်။
လတ်တလော အရည်အသွေးမြင့် ဘိလပ်မြေစျေးနှုန်းမှာ ရန်ကုန်စျေးကွက်တွင် တစ်အိတ်လျှင်ငွေကျပ် ၄၀၀၀၀ ကျော်စျေးနှုန်းရှိပြီး ဝယ်ယူသူအလွန်များပြားလွန်း၍ စျေးကွက်တွင် ပစ္စည်းပြတ်လပ်သည်အထိဖြစ်နေကြောင်း သိရှိရသည်။
“ဘိလပ်မြေက လိုသလောက်မရဘူး။ ဘိလပ်မြေတောင် စျေးကွက်ပေါက်စျေးထက် ပိုပေးပြီး ဝယ်မှ လိုသလောက်ရတယ်။ ကျနော်တို့ဆိုင်မှာလည်း ပစ္စည်းမရှိတောဘူး။ မန္တလေးဘက်မှာတော့ စျေးက ရန်ကုန်ထက်ပိုတယ်” ဟု ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းအဝေးပြေးဝင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီကမူ ဘိလပ်မြေများကို သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ရောင်းချသည့် အရောင်းဆိုင် ၆၂ ဆိုင်နှင့် ဆိုင်ပိုင်ရှင် ၈ ဦးကို အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်သည်။
ယမန်နေ့ နေပြည်တော် ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ရှမ်းပြည်ရှိ မြို့ကြီးတချို့မှ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ ခုကို စစ်ဆေးခဲ့​ကြောင်း၊ ဘိလပ်မြေကို ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၀ ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂ ဆိုင်၊ ဘိလပ်မြေအိတ်များကို မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ ၊ ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင် အပါအဝင် ၈ ဦးတို့ကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံရှိ ဘိလပ်မြေစက်ရုံများလည်း ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတစ်ဝန်း ဘိလပ်မြေစက်ရုံ ၉ ခုရှိသည့်အနက်မှ ဘိလပ်မြေစက်ရုံ ၆ ခုသာ လည်ပတ်နိုင်ကြောင်း၊ တစ်ရက်လျှင် ဘိလပ်မြေ အိတ် ၃၄၂၀၀၀ သာ ထုတ်လုပ်နိုင်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။