“ဝ”တောင်ပိုင်းက ပြည်ပသွားနေသူ မိမိနေရပ်ဆီ အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းရန် တောင်ပိုင်း စစ်ဒေသ ၁၇၁ က စာထုတ်ပြန်

by

in

“ဝ”တောင်ပိုင်းက ပြည်ပသွားနေသူ မိမိနေရပ်ဆီ အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းရန် တောင်ပိုင်း စစ်ဒေသ ၁၇၁ က စာထုတ်ပြန်
မဲခေါင်၊ သြဂုတ် ၃၁

“ဝ” တောင်ပိုင်းဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ကြတဲ့ “ဝ” အမျိုးသားတွေအနေနဲ့ မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းဆောင်ကြဖို့ UWSA၊ တောင်ပိုင်း စစ်ဒေသ ၁၇၁ က သြဂုတ်၊ ၃၀ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန် ထားပါတယ်။
ပြည်ပနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ တောင်ပိုင်းက “ဝ” အမျိုးသားတွေ အနေနဲ့ သြဂုတ်လ ၃၁ ရက်နေ့က စတင်ပြီး စက်တင်ဘာ ၇ ရက်နေ့ကို နောက်ဆုံးထားကာ သက်ဆိုင်ရာလုံခြုံရေးဌာနတွေမှာ စာရင်းပေးသွင်းကြဖို့နဲ့ သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်ပါက ဖမ်းဆီးအရေးယူသွားမှာ ဖြစ်ကြောင်း ပါဝင်တယ်လို့ သိရပါတယ်။
“ဝ” ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းထဲ စစ်မှုထမ်းရန် တပ်သားအင်အား ၄ ထောင်စီ ကောက်ခံသွားမှာ ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ ၁၇၁မှ တာဝန်ရှိသူတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။
၁၇၁ စစ်ဒေသ တာဝန်ရှိသူက စစ်သားကောက်လာတာက အရင်တည်းကဖြစ်ပြီး လက်ရှိပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းကြောင့် ပိုလို့တောင် ကိုယ့်ဒေသ၊ ပြည်နယ်အတွက် လုံခြုံအောင် ကာကွယ်ဖို့လိုကြောင်း ပြောပါတယ်။
ရှမ်းပြည်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နယ်မြေအသီးသီးဆီကို ကာကွယ်ဖို့ တပ်သားတွေ စေလွှတ်ရပြီး အရင်ကတည်းက ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ လူထုအသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့က နံပါတ်တစ်ဖြစ်တဲ့အတွက် အခုလည်း စစ်မှုထမ်းဖို့ ထုတ်ပြန်ရတာလို့ ပြောပါတယ်။
“ဝ” ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို အရင်ကတည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီ သတ်မှတ်ထားပါတယ်လို့ သိရပါတယ်။
“ဝ” ပြည်တောင်ပိုင်းထဲမှာ မိုင်းကန်၊ နာယောင်း၊ ဝမ်းဟုန်၊ မိုင်ယွန်း၊ ဟွေအော၊ မိုင်ကျွတ်၊ ခိုင်းလုံ အစရှိတဲ့ဒေသတွေကို မြို့အဖြစ်သတ်မှတ်ထားတာဖြစ်ပြီး လက်အောက်မှာ ကျေးရွာငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာလို့ သိရပါတယ်။
MK-012