ရန်ကုန်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တပ်က ဆိုင်ကယ်များကို စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီး၊ ဆိုင်ကယ်များကိုလည်း စစ်သားများက သိမ်းဆည်း

by

in

ရန်ကုန်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တပ်က ဆိုင်ကယ်များကို စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီး၊ ဆိုင်ကယ်များကိုလည်း စစ်သားများက သိမ်းဆည်း
ရန်ကုန်၊ ဩဂုတ် ၃၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့၍ ဆိုင်ကယ်များ၊ ဆိုင်ကယ်ဘေးတွဲများကို ဖမ်းဆီး စစ်ဆေးပြီး သိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၉ ရက်နေ့မှစတင်၍ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ယူနီးဖောင်ဝတ် စစ်သားများနှင့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမှတ် ၃ လမ်းမတွင် ဖြတ်သန်းသမျှ ဆိုင်ကယ်များ၊ ဆိုင်ကယ်ဘေးတွဲများကို တားဆီးကာ စီးနင်းသူများကို ရိုက်နှက် ဖမ်းဆီးသိမ်းဆည်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အမှတ် ၃ လမ်းမမှာ စစ်သားတွေ အုပ်စုလိုက် လှည့်ကင်းပုံစံနဲ့ တွေ့သမျှ စက်ဘီး ဆိုင်ကယ်၊ ဘေးတွဲတွေကို သိမ်းယူတယ်။ စီးနင်းသူတွေကိုပါ ရိုက်နှက် ဟိန်းဟောက်သွားတယ်။ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်မရှိဘူးဆိုပြီး ငွေညှစ်တယ်။ ငွေညှစ်မရရင် သိမ်းသွားတယ်” ဟု ဆိုင်ကယ် အသိမ်းခံခဲ့ရသည့် ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်လည်း ဆိုင်ကယ်များကို စစ်တပ်က စစ်ဆေးဖမ်းဆီးပြီး စီးနင်းသူများကိုပါ ဖမ်းဆီးကာ ငွေညှစ်ခြင်း၊ ငွေမပေးနိုင်သူများကို ဆိုင်ကယ်သိမ်း၍ စစ်မှုထမ်းအဖြစ် တပ်သားစုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“အုတ်တွင်းမြို့နယ် ကျွဲပွဲ ရဲစခန်းနဲ့ အုတ်တွင်းရဲစခန်း တော်တော်အခြေအနေဆိုးနေတယ်။ ဆိုင်ကယ်ဖမ်း။ လူဖမ်းတယ်။ အသက် ၄၀ အထက် ဆို အနည်းဆုံး ၅ သိန်းပေးမှ ပြန်လွတ်တယ်။ လူငယ်ဆို ဆိုင်ကယ်သိမ်း စစ်သင်တန်းကြောင်းပို့တယ်။ အခုဆိုစခန်း ဂိတ်ထဲ ထိုင်နေရင်း မထင်ရင် မထင်သလို သွားနေတဲ့ ဆိုင်ကယ်ကို တား စခန်းထဲ မောင်းသွင်းခိုင်းတယ်။ ဖမ်းချုပ် ငွေပေးရင်နောက်အပေါက်က ပြန်လွတ်တယ် ။ လယ်ထဲ အလုပ်သွားတဲ့လူငယ်တွေကို လမ်းပေါ်က စောင့်ဖမ်းတယ်။ စစ်သင်တန်းပို့တယ်။ အဆက်သွယ်ကောင်းလို့လိုက်နိုင်ရင် တောင် အနည်းဆုံးသိန်း ၁၅၀ လောက်ဝန်းကျင် ကုန်ကျတယ်။ ဖြူး ၊ ဇေယျဝတီ ၊ ညောင်ခြေထောက် ဖမ်းတာက ကျွဲပွဲ စခန်းနဲ့ အုတ်တွင်းစခန်းကို မမီဘူး ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လတ်တလော ပဲခူးတိုင်းအတွင်းတွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းရန်အတွက် တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ဩဂုတ်လ ၂၉ ရက်နေ့ ရန်ကုန် အမှတ် ၃ လမ်းမတွင် ဆိုင်ကယ်၊ကားများကို ဖမ်းဆီးငွေတောင်းပြီး ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို စစ်သားများ စီးနင်းသွားစဉ်။