မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ

by

in

မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို သိမ်းဆည်းရရှိခဲ့ကြောင်း G.O.E. Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့တွင် မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို အကြမ်း ဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ရိက္ခာထုပ် ၅၀ ခန့်ကို ကျဲချပေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ရိက္ခာထုပ် ကျဲပေးခဲ့သော နေရာကို PDF တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်တပ်၏ ကင်းပုန်းများဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကာ သရက်ကွပျူစောထီးရွာထဲသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ယင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာသွားပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ကျဲချခဲ့သော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သရက်ကွပျူစောထီးရွာကို စစ်ခွေးတွေ Y-12 လေယာဥ်နဲ့ ရိက္ခာအထုပ် ၅၀ လောက်ကျဲချသွားတာ ဆန်၊ ပဲဆန်၊ ငါး​ခြောက်၊ ​ဆေးလိပ်နဲ့ အသင့်စား ဆန် ပြုတ်ထုပ်တွေပါတယ်။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရာကနေ သိမ်းဆည်းရမိခဲ့တာပါ” ဟု G.O.E. Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ နယ်မြေရှင်းလင်းရေးကို G.O.E. Revolution Forceနှင့်အတူ ဓားမင်းကြီးအဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့၊ ဗိုလ်စတီးအဖွဲ့၊ မြိုင်ပ.က.ဖ တပ်ခွဲ (၄) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။