လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

by

in

လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ရန်ကုန်၊ ဧပြီ ၁၈
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
ဧပြီလ ၁၅ ရက်နေ့မှစတင်ပြီး စစ်တပ်က လေးမျက်နှာမြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားတိုးမြှင့်ခြင်း၊ ကင်းစခန်းများ တိုးချထားခြင်းများ လုပ်ဆောင်ခဲ့ရာ AA၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ် ကြောင်း၊ နေ့စဉ်တိုက်ပွဲများဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“သင်္ကြန်တွင်းမှာလည်း တိုက်ပွဲဖြစ်တယ်။ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုမှာလည်း တိုက်ပွဲဖြစ်တယ်။ ဖြစ်နေတာက ငသိုင်းချောင်းနဲ့ လေးမျက်နှာအကြားမှာ ဖြစ်နေတာ။ စစ်တပ်ဘက်မှာ စစ်မှုထမ်း တပ်သားတွေ သေဆုံးတာများတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားနေသည့်အတွက် ပုသိမ်ဘက်သို့ စစ်သားများကို သယ် ဆောင်နေရပြီး ဆေးရုံများတွင်လည်း ကုတင်နေရာမရှိသည်အထိ ထိခိုက်ဒဏ်ရာရရှိသူများ များပြားနေကြောင်း တပ်သတင်းရင်းမြစ် တချို့ ထံမှ သိရှိရသည်။
ဧရာ၀တီတိုင်းလေးမျက်နှာမြို့နယ်တွင် တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်လာနေသည့်အတွက် စစ်တပ်က စစ်ကူများကို တောက်လျှောက်ပို့ဆောင်နေပြီး ဧရာ၀တီတိုင်း လမ်းကြောတစ်လျှောက်တွင် ကင်းစခန်းများ ရုပ်သိမ်းလာနေကြောင်း၊ ငဝန်မြစ်ကူးတံတားမှာ စွဲထားသည့်တပ်များကိုလည်း ရုပ်သိမ်းထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။