မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်၊ အကြမ်းဖက် မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘဲ အပြု သဘော ဆောင်ဟုဆို
ရန်ကုန်၊ ဧပြီ ၁၈
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်နဝါက အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်နှင့် စစ်ကောင်စီခေါင်း ဆောင် အကြမ်းဖက် မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘဲ တွေ့ဆုံမှုမှာ အပြု သဘောဆောင်ကြောင်း မလေးရှားဝန်ကြီးချုပ်က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက်ပိုင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် မလေးရှားဝန်ကြီးချုပ်တို့အကြား မိနစ် ၄၀ ကြာ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မြန်မာပြည်သူများထံသို့ ပေးနိုင်ရေးနှင့် အကူအညီလိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ဆက်လက်၍ တွေ့ဆုံဆွေးနွေးရန် အရေးကြီးကြောင်း၊ အခွင့်အခါရသည့်အခါ သင့်လျော်သည့်အချိန် မလေးရှားနိုင်ငံသို့ လူကိုယ်တိုင် လာရောက်တွေ့ဆုံလိုသည်ဟု NUG ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်ကလည်း တွေ့ဆုံမှုမှာ အပြုသဘောဆောင်ပြီး နှစ်ဖက်စလုံးက ယခုတွေ့ဆုံမှုအပေါ် တစ်ဖက်နှင့်တစ်ဖက် ကန့်ကွက်မှုမရှိကြောင်း၊ ယုံကြည်မှုတည်ဆောက်ရေးသည် မရှိမဖြစ်လိုအပ်ပြီး အာဆီယံဦးဆောင်သော ကြိုးပမ်းမှုအဖြစ် ဆက်လက်တည်ရှိနေရန် အရေးကြီးကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးစီးပွား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူများအားလုံးနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က သတင်းထုတ်ပြန်ထားသည်။
ယနေ့ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲသို့ NUG ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် တို့ တက်ရောက်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံမှ သိရှိရသည်။
NUG ဝန်ကြီးချုပ်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများပေးရေး ဆွေးနွေး
ရန်ကုန်၊ ဧပြီ ၁၈
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါတို့ ယနေ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့က ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် Teleconference မှ တဆင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် အာဆီယံ ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်နဝါက ယမန်နေ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမပြုကြပေ။