နှစ်သစ်တွင် ငလျင်ဒဏ်ကြောင့် အစိုးရရုံးဌာနများ ပြန်လည် တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ် ငန်းများ ပြန်လည် တည်ဆောက်ရေး အားသွန်ခွန်စိုက် လုပ်ရတော့မည်ဟု မင်းအောင်လှိုင် ပြော

by

in

နှစ်သစ်တွင် ငလျင်ဒဏ်ကြောင့် အစိုးရရုံးဌာနများ ပြန်လည် တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ် ငန်းများ ပြန်လည် တည်ဆောက်ရေး အားသွန်ခွန်စိုက် လုပ်ရတော့မည်ဟု မင်းအောင်လှိုင် ပြော
ရန်ကုန်၊ ဧပြီ ၁၇

မြန်မာနှစ်သစ်တွင် ငလျင်ဒဏ်ကြောင့် အစိုးရရုံးဌာနများ ပြန်လည် တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည် တည်ဆောက်ရေး လုပ်ဆောင်ရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
မင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်သော နှစ်သစ်ကူး စကားအဖြစ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ယင်း သို့ ပြောဆိုထားခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ အလွန် အပျက်အစီးများပြားခဲ့သော်လည်း စစ်ကောင်စီက အပျက်အစီးသတင်းများကို ထုတ်ပြန်ခဲ့ခြင်းမပြုရာမှ ယခုနောက်ဆုံးတွင် ငလျင်ကြောင့် အပျက်အစီးကြီးမားခဲ့သော ဝန်ကြီးဌာနရုံးများ ပြန်လည် တည်ဆောက်ရေး လုပ်ဆောင်ရမည်ကို ဝန်ခံလာခြင်းဖြစ်သည်။
“ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းဖြစ်တဲ့ အစိုးရရုံးဌာနများ ပြန်လည် တည် ဆောက်ရေး၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်ဆက်သွယ်မှုလုပ်ငန်းများ ပြန်လည် တည်ဆောက်ရေးတို့ကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားပါမယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။
လက်ရှိ နေပြည်တော်တွင် လုံး၀ ပျက်စီးသွားပြီး သုံးစွဲ၍ မရသော ရုံးဌာနများအနေဖြင့် ဇေယျာသီရိရှိ စစ်ရုံး၊ နိုင်ငံ တော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး ၊ အလုပ်သမားဝန်ကြီးဌာနရုံး ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စက်မှုဝန်ကြီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး တို့မှာ ငလျင်ကြောင့် လုံး၀ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“ယာယီရုံးတွေ သတ်မှတ်တဲ့နေရာမှာ စစ်ရုံးနဲ့ သမ္မတရုံးကတော့ ယာယီရုံးနေရာတွေ ရသွားပြီ။ တရားလွှတ် တော်ရုံးချုပ်ရုံး နဲ့ ခုံရုံးတို့လည်း ယာယီရုံးတွေ ရပြီ။ တချို့ရုံးတွေကတော့ ကားပါကင်နေရာမှာ ယာယီတဲတွေနဲ့ ရုံးဖွင့်နေရတာလည်းရှိတယ်” ဟု နေပြည်တော်မှ ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် လူနေအိမ်ပေါင်း ၆၀၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာ/ရုံး အဆောက်အအုံ ၃၆၇၈ လုံး၊ တံတားပေါင်း ၁၅၅ စင်း၊ ဘုရားစေတီ ၅၆၂၀ ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။