အစိုးရဘဏ္ဍာရန်ပုံငွေ၏ ၉၄ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍ၌ အသုံးပြုခဲ့ဟု NUG ထုတ်ပြန်
◾️လက်နက်ခဲယမ်းမီးကျောက်၊ ဘဏ္ဍာရန်ပုံငွေ ရရှိရေးလိုအပ်ချက်နှင့် စိန်ခေါ်မှုများ ရှိသော်လည်း လူထုပူးပေါင်းပါဝင်မှု၊ မဟာမိတ်များ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ကျော်လွှားဟု အသိပေး
◾️မြို့နယ်(၁၈၃)ခုတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကောင်းစွာ ဖွဲ့စည်းလည်ပတ်လျက်ရှိ ထုတ်ပြန်
ဧပြီ ၁၆၊၂၀၂၅။ ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ဘဏ္ဍာရန်ပုံငွေ၏ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့ကြောင်း NUGက အသိပေး ထုတ်ပြန်သည်။
NUG ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ခဲ့ရာ စစ်ရေးကဏ္ဍနှင့်ပတ်သက်သည့် ရှင်းလင်းချက်တွင် အထက်ပါအတိုင်း အသိပေးသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ယနေ့ လေးနှစ်ပြည့်ခဲ့ပြီး စာမျက်နှာ ၅၇ မျက်နှာရှိသည့် NUG၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် ရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှု အခြေအနေ အသေးစိတ်ကို လတ်တလောဖော်ပြထားခြင်းမရှိသေးပေ။
PDF ရဲဘော်များအနေဖြင့် နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းအားလုံးတွင် တိုက်ပွဲ ဝင်လျက်ရှိသည့်အားလျော်စွာ အဆိုပါ အသုံးစရိတ်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲ ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်တော်လှန်ရေးအဖွဲ့များအား မျှဝေထောက်ပံ့သည့်ရန်ပုံငွေများလည်း ပါဝင်ကြောင်း အသိပေးထားသည်။
တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ လက်နက်ခဲယမ်း မီးကျောက်ရရှိရေး၊ ဘဏ္ဍာ ရန်ပုံငွေရရှိရေးတွင် လိုအပ်ချက်နှင့် စိန်ခေါ်မှုများရှိသော်လည်း တော်လှန်လူထု၏ ပူးပေါင်းပါဝင် ထောက်ပံ့မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ဖြေရှင်း ကျော်လွှားလျက်ရှိသည်ဟုလည်း ထုတ်ပြန်သည်။
“လက်ရှိက ကျနော်တို့ နိုင်ငံမှာ ဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေး လုပ်ကြတဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာပဲ ရွေးချယ်လုပ်ကိုင်နေရတဲ့အခြေအနေဖြစ်တာပေါ့။ အဲဒီတော့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ကိစ္စကလည်း ငွေရေးကြေးရေးအရ အများကြီး အကုန်အကျများတဲ့ အခြေအနေဖြစ်တာပေါ့”ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ထို့အပြင် တပ်တည်ဆောက်ရေးများ လုပ်ဆောင်ရပြီး ယင်းတပ်များကို လက်နက်တပ်ဆင်ခြင်း၊ တိုက်ပွဲများအတွက် စစ်အသုံးစရိတ်များ အသုံးပြုရခြင်းများရှိသည်ဟု ၎င်းက ရှင်းပြသည်။
” ဒါမျိုးတွေအတွက် ကုန်ကျစရိတ်တွေကတော့ အချိန်နဲ့အမျှ အမြဲတမ်းရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အခြားသော အသုံးစရိတ်တွေ သုံးရသလို စစ်ရေးအတွက် သုံးရတဲ့ အသုံးစရိတ်ကတော့ ပိုပြီးတော့ ရာခိုင်နှုန်းများနေတဲ့သဘောဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
NUG သည် ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး စစ်ရေးကဏ္ဍအတွက်အစိုးရ ဘဏ္ဍာရန်ပုံငွေအတွက် ၉၄ ရာခိုင်နှုန်း သုံးစွဲသည်မှာ မဖြစ်နိုင်ကြောင်းနှင့် ဘဏ္ဍာရန်ပုံငွေကို မည်သို့တွက်ချက်သည်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။
“စစ်ရေးအသုံးစရိတ်က ၉၄ ရာခိုင်နှုန်းဆိုတာ မဖြစ်နိုင်ဘူး။ အဓိပ္ပာယ်မရှိဘူး။ NUG ရဲ့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ အသုံးစရိတ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေဆို နည်းမှ မနည်းတာ။ သူတို့ ဘယ်လိုတွက်ချက်သလဲပေါ့။ နိုင်ငံတကာကနေ ရရှိစီးဝင်တဲ့ငွေကြေးတွေကရော ဘဏ္ဍာရန်ပုံငွေထဲ ထည့်သွင်းသလား၊ မထည့်သွင်းဘူးလား။ နောက်တစ်ခုက အမှန်တကယ်သာ ဒီအတိုင်း(၉၄ရာခိုင်နှုန်း)သုံးတယ်ဆိုရင် စစ်ရေးက အခုထက်ပိုပြီး ရှေ့ရောက်သင့်တယ်” ဟု အထက်ပါ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူက ပြောသည်။
စစ်ရေးနည်းလမ်းအရ ဆောင်ရွက်ချက်များကို ဖော်ပြခဲ့ရာ ပြည်သူ့ခုခံစစ် ဆင်နွဲနိုင်ရန်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် လျော်ညီသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေး အမြုတေအဖြစ်လည်းကောင်း အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO/ပကဖ) များကို ၂၀၂၁ မေလ(၅)ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယခုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၁၆)ရင်း အပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့ နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း (၃၅၆)ဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီးဖြစ်ဟု ဖော်ပြသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အနေဖြင့် (၂၃၅) မြို့နယ်တွင် အတည်ပြုဖွဲ့စည်းပြီးဖြစ်ကာ (၁၁) မြို့နယ်တွင် တိုးချဲ့ဖွဲ့စည်းလျက်ရှိဟု အသိပေးသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်တိုင်းအလိုက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ စစ်ဒေသများဖွဲ့စည်းခြင်း၊ ကွပ်ကဲမှုအဆင့်ဆင့် တည်ဆောက်ပြီး တိုက်ပွဲဝင် ခြင်းဖြင့် ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်သည်။
၂၀၂၄တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်အဆင့်မှသည် ထုအင်အားဖြင့် မဟာဗျူဟာထိုးစစ်ဆင်လျက် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအဆင့်အထိ ဆင်နွှဲလာနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ရေးနည်းလမ်းအရ ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာ ရည် မှန်းချက် (၈)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိဟုလည်း အသိပေးသည်။
ယင်းတို့မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် PDF/ပကဖများကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်(Code of Conduct) (Chain of Command) စွမ်းရည် အားကောင်းသော တပ်မတော် ဖြစ်လာအောင် တည်ဆောက်ရန်၊ ရန်သူ့စစ်ယန္တရားကို ရုပ်ပိုင်း၊စိတ်ပိုင်းချိနဲ့အားနည်းစေရေး အဆက်မပြတ်ဆောင်ရွက်ရန်၊ စိုးမိုးထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်ထိန်းသိမ်းရန်၊ ပြည်သူလူထုအား စစ် ကောင်စီ၏ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရန်နှင့် စိုးမိုးထိန်းချုပ်နယ်မြေ များ တိုးချဲ့ရန် တို့ ဖော်ဆောင်နေသည်ဟု ဖော်ပြသည်။
ထို့ပြင် ပြည်သူ့အုပ်ချုပ်ရေး ပိုမိုအားကောင်းစေရန်အတွက် စစ်ဖက်မှ ပေါင်းစပ်ညှိနှိုင်း အားဖြည့် ဆောင်ရွက်ရန်၊ ပြည်သူလူထု၏ ထောက်ခံပါဝင်မှုကို ဆက်လက်ထိန်းသိမ်းရန်၊ မဟာမိတ်များနှင့် စစ်ရေးနိုင်ငံရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ စစ်ဘက်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးကို တိုးချဲ့ရန် ၊ စစ်ရေးနည်းလမ်းနှင့် နိုင်ငံရေးနည်းလမ်းများ ဟန်ချက်ညီဆောင်ရွက်ရန် အချက်များလည်း အကောင်အထည်ဖော်နေသည်ဟု အသိပေးသည်။
အုပ်ချုပ်ရေးကဏ္ဍ အသိပေးချက်တွင် နယ်မြေစိုးမိုးထိန်းချုပ်မှုအရ စစ်ကောင်စီအုပ်ချုပ်မှုကို ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေး ထူ ထောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော် ဆောင်မှုဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားရှိပြီး ယခုအချိန် တွင် တိုင်း(၇)ခု၊ ခရိုင်(၁၀)ခု၊ မြို့နယ်(၁၈၃)ခုတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကောင်းစွာ ဖွဲ့စည်း လည်ပတ်လျက်ရှိကြောင်း အသိပေးသည်။
အဆိုပါ မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့်ဆက်စပ်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ အား မြို့နယ် (၉)မြို့နယ် နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို မြို့နယ် (၄၈) ခုတွင် ဖွဲ့စည်းထူထောင်ပြီးဖြစ်သည်ဟု ဆိုသည်။
၂၀၂၄ခုနှစ်တွင် မြေပြင်ပြည်သူ့အုပ်ချုပ်ရေးသင်တန်းကျောင်းကို သင်တန်းသားဦးရေ (၁၀၀)ဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးနည်းပြဆရာဖြစ်သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကာ (၂၅)ဦး မွေးထုတ်နိုင် ခဲ့ကြောင်း၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကျွမ်း ကျင်နိုင်စေရေးအတွက် မြေပြင်သင်တန်း အပတ်စဉ် (၃) ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား (၁၉၆) ဦးကို သင်တန်းပို့ချပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
၂၀၂၄အတွင်း ပအဖ(၃)ဦးအား တာဝန်မှရပ်ဆိုင်းခြင်း၊ မြို့နယ် (၂)မြို့နယ်မှ ပအဖများအား နှုတ်ဖြင့်သတိပေးခြင်း၊ပအဖတာဝန်ခံတစ်ဦးအား တရားရေးနည်းလမ်းအရ အမှုဖွင့်လှစ်ဆောင်ရွက်နေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။ ထို့ပြင် ပလဖ(၂)ဦးအား တာဝန်မှရပ်ဆိုင်းခြင်း၊ ပလဖ(၃)ဦးအား မှတ်တမ်းဝင်သတိပေးလက်မှတ်ရေးထိုးခြင်း၊ ပလဖ(၅)ဦးအား တရားရေးနည်းလမ်း အရ အမှုဖွင့်လှစ် ဆောင်ရွက်ခြင်းများနှင့် ပလဖတာဝန်ခံတစ်ဦးအား စုံခုံဖွဲ့စစ်ဆေးလျှက် ရှိဟု အသိပေးသည်။ ပြည်သူ့ရဲတပ်ဖွဲ့ဝင်(၂)ဦးအား မှတ်တမ်းဝင် သတိပေးလက်မှတ်ရေးထိုးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်းလည်း အသိပေးထားသည်။
အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း(၃)၊၃၈၀၃ တပ်ရင်း၏ အပတ်စဉ်-၂ အခြေခံစစ်သင်တန်းဆင်းပွဲမှ ရဲဘော်များ။ ဓာတ်ပုံ – MOD)
