ပြည်သူကို သတ်ဖြတ်ပြီး လူထုကို ကိုယ်စားမပြုသော မင်းအောင်လှိုင်ကို အာဆီယံက တွေ့ဆုံမည့်အပေါ် NUG ၊ KNU ၊ CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေး အင်အားစုများက ကန့်ကွက်
ရန်ကုန်၊ ဧပြီ ၁၆
မြန်မာပြည်သူများကို ငလျင်ဘေးသင့်ချိန်နှင့် သင်္ကြန်နှစ်သစ်ကူးကာလပါ မကျန် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်မှာ လူထုကို ကိုယ်စားပြုခြင်းမရှိ၍ အာဆီယံက တွေ့ဆုံမည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ချင်းအမျိုးသားတပ်ဦး- CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများ ကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ-WLB၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ -FRC နှင့် အမည် မဖော်လိုသည့် အင်အားစုများက ထိုသို့ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများကို ခွဲခြား ဆက်ဆံမှုမရှိ ၊ ဘက်မလိုက်ဘဲ Humanitarian Principles များနှင့်အညီ ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် ဆောင် ရွက်ရာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မှတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားသည့်အကူအညီများသည် နိုင်ငံရေးအရ အလွဲ အသုံးချမည့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်သောကြောင့် စစ်အုပ်စု မှတဆင့်သာ ပေးအပ်ခြင်းကို အပြင်းအထန်ကန့်ကွက်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာသည်။
မြန်မာနိုင်ငံတစ်ဝန်း အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်၏ ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် စစ်လက် နက်ကြီးငယ်၊ တိုက်လေယာဉ်များ၊ ဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဟူသည့် အကြောင်းပြချက်ဖြင့် အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့် အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုကင်းသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို တိုင်းပြည် နယ်နိမိတ်စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်သည့် စစ်အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်း မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင် အားစုများက ထိန် းချုပ်စီမံအုပ်ချုပ်ထားသည့် နယ်မြေများရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့ များအားလုံးနှင့် ချိတ်ဆက်ပေးအပ် ထောက်ပံ့ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။
အကြမ်းဖက် စစ်အုပ်စုက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ အခြေခံအချက် တစ်ခုဖြစ်သော အကြမ်း ဖက်မှုများကို ချက်ချင်းရပ်တန့်ရေးဆိုသည့် မူအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ရှေ့မှောက်တွင် လိုက်နာရန်သဘောတူညီခဲ့မှုကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေသည့် တရားခံလည်း ဖြစ်ကြောင်း ၊ လက်ရှိတွင် စစ်အုပ်စုသည် တိုင်းပြည်၏ အချုပ်အခြာကို ထိန်းချုပ်ထားသည့် တခုတည်းသော အာဏာပိုင် မဟုတ်သလို ပြည်သူ လူထုကို ကိုယ်စားပြုခြင်းလည်း လုံးဝမရှိတော့ သည်ကို သတိချပ်ရမည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
တိုင်းပြည်၏ အချုပ်အခြာအာဏာသည် နေပြည်တော်မှ တိုက်ရိုက်စီမံအုပ်ချုပ်နေသည့် အခြေအနေမဟုတ်တော့ပဲ နယ်မြေအသီးသီးရှိ ပြည်သူလူထု လက်ဝယ် သက်ဆင်းသွားပြီးဖြစ်သည်ကို သတိမူသင့်ပြီဖြစ်ကြောင်း၊ ထို့ ကြောင့် လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံခြင်းနှင့် တိုက်ရိုက်ဦးတည်ထောက်ပံ့နေခြင်းသာမက အမှန်တကယ် ထိခိုက်ခံစား နေရသည့် သဘာဝဘေး ၊ စစ်ဘေး ဒဏ်ခံ မြန်မာပြည်သူများ ထံသို့ အကူအညီ ပေးရေး အစီအစဥ်များ တိုက်ရိုက်ရောက်ရှိနိုင်စေရန် သက်ဆိုင်သူများအားလုံးနှင့် လုပ်ငန်းစဉ် တရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက် သွားရန် အထူးပင်လိုအပ်ကြောင်း ဆက်လက် သတိ ပေးသည်။
ထို့ပြင် စစ်ဘေးဒဏ်နှင့် မြေငလျင်သဘာဝဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းစဉ်များကို အရေးတကြီး ဆောင်ရွက်ရမည့် ကာလတွင် စစ်အုပ်စုက တစ် ဖက်သတ်ဦးစီးကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲဆိုသည်မှာလည်း မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်း တော် လှန်ရေးအင်အားစုများက ထပ်လောင်းအသိပေးထားသည်။
မြန်မာပြည်အတွင်း အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက် မြန်မာပြည် သူလူထု၏ လိုလားချက် မျှော်မှန်းချက်များကို ကိုယ်စားပြုသည့် သဘောထား ထင်ဟပ် စေနိုင်မည့် ( Myanmar-Owned and Myanmar-led process) ဖြစ်စေရန်အတွက် စစ်ခေါင်းဆောင် နှင့် တဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြုသင့်ကြောင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။