စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၌ အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် ပိုများနေ

by

in

စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၌ အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် ပိုများနေ
ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်သည် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အဆမတန်ပိုများနေကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီ ၁၄ ရက်က စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နောက်ဆုံးအစီရင်ခံစာအရ ငလျင်ဘေးသင့်သူများ ယာယီပြောင်းရွှေ့ အိမ်ထောင်စုနှင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားမှု စာရင်း အချက်အလက်အရ နေပြည်တော်၌ ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုပေါင်း ၂၇,၀၀၀စုခန့်ရှိနေသည်။
ငလျင်ဒဏ်သင့်၍ နေပြည်တော်၌ စစ်ကောင်စီ၏ ကယ်ဆယ်ရေးစခန်း ၇၅ ခုတွင် ယာယီရွှေ့ပြောင်း နေထိုင်သည့် အိမ်ထောင်စု ၂,၉၅၅ စုရှိကာ ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု ၂၃,၈၅၆ စုရှိကြောင်း ဖော်ပြသည်။
မန္တလေးတိုင်းတွင် ကယ်ဆယ်ရေးစခန်း ၆၀ ၌ အိမ်ထောင်စု ၂,၃၈၈ စုရှိကာ မိမိအစီအစဥ်ဖြင့် ပြောင်းရွှေ့သည့် အိမ်ထောင်စု ၉,၂၃၇စု ရှိကြောင်းသိရသည်။
စစ်ကိုင်းတိုင်း၌ ကယ်ဆယ်ရေးစခန်းသို့ရောက်လာသည့် အိမ်ထောင်စု ၂,၆၃၅ စုနှင့် အခြားသို့ ရွှေ့ပြောင်းသည့် အိမ်ထောင်စု ခြောက်ခုရှိကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ရှမ်းပြည်နယ်တွင် ကယ်ဆယ်ရေးစခန်းလေးခု၌ အိမ်ထောင်စု ၂၂၅ စုနှင့် မိမိအစီအစဥ်ဖြင့် ရွှေ့ ပြောင်းနေထိုင်သည့်အိမ်ထောင်စု ၅,၅၂၅
စုရှိသည်။
“ဝန်ထမ်းအိမ်ရာ အကုန်နီးပါးက နေမရတော့ဘူး။အဲဒါတွေကို အခု သူတို့(စစ်​ကောင်စီ)အမြန်ဆုံးပြန်ဆောက်ဖို့ ညွှန်ကြားတာရှိတယ်။ပြီးတော့ ဝန်ထမ်းတွေကို နေပြည်တော်က နေထွက်မသွားဖို့ သတိပေးထားတယ်”ဟု နေပြည်တော်ရှိ ဝန်ထမ်းတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူက လူထုနွေဦးသို့ ပြောသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွင် ၎င်းတို့အ
ခြေစိုက်ရာ နေပြည်တော်၏ ပျက်စီးမှုအခြေအနေကို စစ်ကောင်စီက သတင်းထိန်းချုပ်ထားဆဲ ဖြစ်
သည်။
သို့သော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ နောက်ဆုံးအစီရင်ခံစာတွင် ငလျင်ကြောင့် ရုံးဌာန ပျက်စီးမှု ၅,၄၈၈ ခုရှိကာ နေအိမ် ၅၂,၆၇၁လုံးရှိခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးမှုအရ နေပြည်တော်၌ ၆၆၅ ဦး၊စစ်ကိုင်း
တိုင်း၌ ၆၁၅ ဦး၊ မန္တလေးတိုင်း၌ ၂၂၆၃ ဦး၊ပဲခူးတိုင်း၌ ၄၄ ဦးနှင့် ရှမ်းပြည်နယ်၌ ၆၈ ဦး ရှိသည်ဟု ဖော်ပြသည်။
(စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ စစ်ကောင်စီအဖွဲ့ အစည်းအဝေးပြုလုပ်သည့်ခန်းမ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Sett Aung/FB)