စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်

by

in

စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်
ရန်ကုန်၊ ဩဂုတ် ၃၁

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစ တင် ၍ ဆေးဝါးအပါအဝင် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်မည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်း အဝေး အမှတ်စဉ် ၆၆/၂၀၂၄ တွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းစနစ်သစ်က သွင်းကုန်အားလုံးအပေါ် သက် ရောက် မှုရှိကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ သွင်းကုန် လိုင်စင်များကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဩဂုတ်လအထိ လျှောက်ထားသော သွင်းကုန်လိုင်စင်လျှောက်လွှာများကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။
“ဆေးဝါးတင်မဟုတ်ပါဘူး။ သွင်းကုန်တော်တော်များများ အဲဒီစနစ် အတိုင်း သွားမယ်။ ပို့ကုန်ရငွေ တင်ပြမှပဲ သွင်းကုန်လိုင် စင် ခွင့်ပြုပေးမယ်။ စက်သုံးဆီနဲ့ စားအုန်းဆီလို အရေး ကြီး သွင်း ကုန်ကတော့ ခြွင်းချက်ရှိပါတယ်” ဟု စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဌာန သတင်းရင်းမြစ်က ရှင်းပြ သည်။
လက်ရှိတွင် အဆိုပါ စနစ်သစ်အရ ဆေးဝါးကုမ္ပဏီ ၁၁၆ ခုက လျှောက်ထားသော ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန် ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စိစစ် ပယ်ဖျက်လိုက်ပြီး စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် လျှောက် ထားရမည်ဖြစ်ကြောင်း၊ ပို့ကုန်ရငွေ တင်ပြမှသာ လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
“ခေတ်ကတော့ အရင် ဦးသန်းရွှေလက်ထက်တုန်းက ခေတ်လိုပြန် ဖြစ်သွားတာ။ သွင်းကုန်တင်သွင်းဖို့ ပို့ကုန်ရငွေ (Export Earing)ကို လိုက်ရှာဝယ်ပေါ့။ အရွက်စျေးထက် Earning က စျေးပိုရတာမျိုးဖြစ်ခဲ့တယ် အရင်ခေတ်က။ ခေတ်နောက်ပြန် ဆွဲတာပေါ့။ သမိုင်းတစ်ပတ်လည်တာပေါ့” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော စက်သုံးဆီလုပ်ငန်းရှင်များထံသို့စစ်ကောင်စီက ဒေါ်လာရောင်း ချပေးမှုကို အကန့်အသတ်ဖြင့် ပြန်လည် လုပ်ဆောင်နေပြီး လိုအပ်သမျှ ဒေါ် လာ ကို စစ်ကောင်စီဗဟိုဘဏ်ထံမှ ဝယ်ယူရရှိခြင်းမရှိတော့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောဆိုကြသည်။
စစ်ကောင်စီက စတင်လိုက်သည့် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ဖြင့်သာ သွင်း ကုန် တင်သွင်းရသည့်စနစ်သစ်ကြောင့် ပြည်တွင်းတွင် ဆေးဝါး အပါအဝင် သွင်း ကုန်များ ရှားပါးလာမည်ဖြစ်ကြောင်း UMFCCI မှ စီးပွားရေး အသိုင်းအ၀ိုင်း က သုံးသပ်ပြောဆိုသည်။