အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပဲခူးမြို့သို့ ရောက်ရှိနေပြီး ဘုရားဖူး၊ ယတြာချေ၊ တပ်စစ်ဆေးမှုများ လုပ်ဆောင်၊ လုံခြုံရေးအလွန်တင်းကျပ်ပြီး မြို့တွင်းနှင့်မြို့ပြင် ယာဉ်အသွားအလာများ ပိတ်ဆို့ထား

by

in

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေ
ရန်ကုန်၊ ဩဂုတ် ၃၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေမှုများ ဆက်တိုက်လုပ်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်ငူမြို့ရှိ ကေတုမတီနန်းတော်နေရာဟောင်းသို့လည်း ကောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေး ရတနာပုံနန်း တော်နေရာဟောင်းသို့လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော် သို့လည်းကောင်း နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း ၊ ထို့ပြင် ဘုရားမျိုးစုံသို့လည်း လှည့်လည် ယတြာချေနေကြောင်း သိရှိရသည်။
“မြို့တည်၊ နန်းတည်ဖြစ်စေမယ့် နန်းတက်ယတြာလုပ်တာလို့ သိရတယ်။ တောင်ငူမှာလည်း မြို့ရိုးတွေ ပြန်ဖော်၊ နန်းတော်ပြန်တည်ဖို့ လုပ်ခိုင်းတယ်။ မန္တလေးမှာလည်း မြို့ရုံးတွေ ပြန်ဖော်၊ နန်းတော်နေရာပြန်လည် မွမ်းမံတည်ဆောက်မှုတွေ လုပ်ခိုင်းတယ်။ ပဲခူးမှာလည်း ဟံသာ၀တီ နေပြည်တော် မြို့ရိုးတွေ ပြန်ဖော်ပြီးတော့ နန်းတော် ပြန်လည် မွမ်းမံတည်ဆောက်ခိုင်းတယ်။ မြို့တည်၊ နန်းတည်တဲ့ နန်းတက်ယတြာတွေကို တပ်ချုပ် ကိုးကွယ်တဲ့ ဆရာတော်တွေဖြစ်တဲ့ ၀စိပိတ်ဆရာတော်က လုပ်ခိုင်းတာလို့ တပ်အသိုင်းအ၀ိုင်းဘက်မှာတော့ သိထားကြတယ်” ဟု နေပြည် တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် ဗေဒင်နှင့်ယတြာများကို အမြဲလိုလို ချေလေ့ရှိပြီး အဓိကအားဖြင့် ၎င်း ကိုးကွယ်သော ၀စိပိတ်ဘုန်းကြီးက ယတြာများကို စီမံပေးလေ့ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပဲခူးမြို့သို့ ရောက်ရှိနေပြီး ဘုရားဖူး၊ ယတြာချေ၊ တပ်စစ်ဆေးမှုများ လုပ်ဆောင်၊ လုံခြုံရေးအလွန်တင်းကျပ်ပြီး မြို့တွင်းနှင့်မြို့ပြင် ယာဉ်အသွားအလာများ ပိတ်ဆို့ထား
ရန်ကုန်၊ ဩဂုတ် ၃၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ ပဲခူးမြို့သို့ ရောက်ရှိနေပြီး ဘုရားဖူး၊ ယတြာချေ၊ တပ်စစ်ဆေးမှုများ လုပ်ဆောင်ကာ လုံခြုံရေးအလွန်တင်းကျပ်ပြီး မြို့တွင်းနှင့်မြို့ပြင် ယာဉ်အသွားအလာများ ပိတ်ဆို့ထားကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့မှစတင်ပြီး ပဲခူးမြို့တစ်ခုလုံးတွင် လုံခြုံရေး တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားပြီး ယနေ့ နံနက်ပိုင်းတွင် လုံခြုံရေး အထူထပ်ဆုံး ချထားကြောင်း၊ မြို့တွင်းမြို့ပြင် လမ်းများကို ပိတ်ဆို့ထားခြင်း၊ ကျိုက်ပညာယျသမိုင်းဝင်စေတီ သွားလမ်းများကို ပိတ်ဆို့ထားခြင်းများ လုပ်ဆောင်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်ခြင်းဖြစ်ပြီး သမိုင်းဝင် ကျိုက်ပညာယျစေတီသို့ သွားရောက် ဖူးမြော်ခြင်း၊ ယတြာချေခြင်းများ လုပ်ဆောင်ခဲ့ကာ တပ်စစ်ဆေးခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ပဲခူးမြို့ သမိုင်းဝင် ကျိုက်ပညာယျစေတီကို မင်းအောင်လှိုင်နှင့် သားအောင်ပြည့်စုံက ထီးတော်တင်ခဲ့ပြီးနောက် ယခုတစ်ဖန် ဒုတိယအကြိမ်လာရောက် ဘုရားဖူးခြင်း၊ ယတြာချေခြင်းများကို လုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနက်ပိုင်းမှာ မအလ ရောက်လာတယ်။ ဘုရားသုံးဆူဘက်မှာရှိတဲ့ ကျိုက်ပညာယျ သမိုင်းဝင်စေတီကိုသွားတယ်။ ပြီးတော့ ပဲခူးတပ်တွေနဲ့ ပဲခူးအစိုးရရုံး၊ နန်းတော်ဟောင်းနေရာလည်းသွားတယ်လို့တော့ သိရတယ်။ ခရီးစဉ်ကတော့ ဘုရားဖူး ၊ ယတြာချေ ၊ တပ်တွေ လျှောက်သွားတဲ့ ခရီးစဉ်တဲ့” ဟု ပဲခူးမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယခုလအတွင်း မန္တလေး၊ တောင်ငူ၊ ပဲခူးတို့သို့ သွားရောက်၍ ဘုရားဖူးခြင်း၊ ယတြာချေခြင်းနှင့် တပ်စစ် ဆေးခြင်းများကို ခပ်စိတ်စိတ်ပြုလုပ်လာကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အကြမ်းဖက် မင်းအောင်လှိုင် ရောက်ရှိစဉ် ပဲခူးမြို့ကို ပိတ်ဆို့ထားသည့် မြင်ကွင်း။