မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးကာလ အကျဉ်းသားတချို့ လွတ်ငြိမ်းသက်သာခွင့်ပေးရန်ရှိနေပြီး အာဆီယံ၏ အသိ အမှတ်ပြုမှု ရယူလို
ရန်ကုန်၊ ဧပြီ ၁၆
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာရိုးရာ နှစ်သစ်ကူးကာလ လုပ်ဆောင်မြဲဖြစ်သော အကျဉ်းသားများ လွတ်ငြိမ်းသက်သာခွင့်ပေးရန်ရှိနေပြီး အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အာဆီယံ၏ အသိအမှတ်ပြုမှု နှင့် ချီးကျူးမှု ရယူလိုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ဖိတ်ကြားချက်အရ ဧပြီလ ၁၇ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ပြီး အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရန်ရှိနေသော မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်များ ကြေညာရန်ရှိကြောင်း၊ ယင်းသို့ကြေညာရာတွင် အကျဉ်း သားများကို လွှတ်ပေးခြင်းဖြင့် အာဆီယံ၏ အသိအမှတ်ပြုမှုကို ရယူလိုသည့် သဘောရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
“နှစ်သစ်ကူးမှာ လွတ်ငြိမ်းသက်သာခွင့် ပေးမယ်လို့ သိရပါတယ်။။ အကျဉ်းသားတွေ ထပ်လွှတ်မယ်ဆိုပေမယ့် ရာဇဝတ်အကျဉ်းသားတွေပဲ တော်တော်များများ ပါနိုင်ပါတယ်။ အာဆီယံမီတင်ခေါ်ထားတော့ နိုင်ငံရေးနဲ့ ဆက် နွယ်နေတဲ့ အကျဉ်းသားတချို့ကိုလည်း လွှတ်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ကိုတော့ လွှတ်မယ့် အခြေအနေ မကြားရပါဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ မနက်ဖြန် ဧပြီလ ၁၇ ရက်နေ့ တွေ့ဆုံရန်ရှိနေပြီး အဆိုပါတွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေးပြီး ငလျင်ဘေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးရေးကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၊ အာဆီယံ၏ မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
