ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုတွင် အသက် ၃ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၆
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုတွင် အသက် ၃ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် မွန်လွတ်မြောက်ရေးတပ်မတော်ထံမှ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်အထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Yak-130 တိုက်လေယာဉ်ဖြင့် ဗုံးကျဲချရာတွင် အသက် ၃ နှစ်အရွယ်ကလေးငယ် ၂ ဦးဖြစ်သည့် မိကျဲကျဲမွန်နှင့် မင်းကွန်ဗလဲ၊ အသက် ၉ နှစ်အရွယ် မင်းလင်းပြည့်အောင်၊ အသက် ၁၅ နှစ်အရွယ် မိပိုးဖူးဇင်၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုး၊ အသက် ၇၆ နှစ်အရွယ် ဒေါ်သိန်းရှင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၇ ဦး၊ ကိုရင် ၈ ပါး ၊ သံဃာ ၂ ပါး အပါအဝင် ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဒဏ်ရာရတဲ့သူတွေထဲမှာလည်း အခြေအနေ မကောင်းသူတွေပါပါတယ်။ ကလေး ၄ ဦးကတော့ ပွဲချင်းပြီးပဲ။ လေယာဉ်က ဗုံး ၃၀ လောက် ကျဲချသွားတာ။ လေယာဉ်ကို ပျံဝဲ ကင်းထောက်ပြီးတော့မှ ဘုန်းကြီးကျောင်း တည့်တည့်ကို ဗုံးကျဲချတာ။ ဒုံးကျည်နဲ့ပစ်တာ လေယာဉ်ပေါ်ကနေ ” ဟု ကမ်းနီးကျေးရွာမှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ကျုုံဒိုးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ကောင်စီ၏ ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းများကလည်း ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္မရိုက်၊ မိဂလုံ၊ ကမ်းနီစံပြ ကျေးရွာများကို လက် နက်ကြီးဖြင့် ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မွန်လွတ်လပ်ရေးတပ်မတော်က ထုတ်ပြန်ပြောဆိုသည်။
“တိုက်ပွဲတွေကတော့ ကျုံဒိုးနားမှာ ပြင်းထန်နေတယ်။ ဒီတစ်ခေါက်ဖြစ်တဲ့ တိုက်ပွဲက ပြင်းထန်တယ်။ တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုကို အရမ်းကိုလုပ်နေတာ” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ ဧပြီ ၁၆
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု
သောင်း တန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ မိသားစုတစ်စုတည်းမှ ၄ ဦးဗုံးထိမှန်ခဲ့ကြောင်း၊ ယင်းတို့အနက်မှ အသက် ၃၅ နှစ်အရွယ် ကိုမျိုးနှင့်ဇနီးဖြစ်သူတို့မှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ဒီအတိုင်း လေယာဥ်နဲ့ ဗုံးကျဲချတာပါ။ တစ်အိမ်တည်း မိသားစုဝင် ၄ ဦးထိတယ်။ ဆေးကုဖို့ ခေါ်သွားရင်းနဲ့ ကိုမျိုးနဲ့ သူ့အမျိုးသမီး ဆုံးတယ်။ ကျန်တဲ့ ၂ ဦးကလည်း ဒဏ်ရာရရှိထားပါတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာမှာ အရပ်သားပြည်သူများသာ နေထိုင်သော ကျေးရွာဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိကြောင်း၊ ကျေးရွာသူ ကျေးရွာသားများမှာ လယ်ယာစိုက်ပျိုးရေးနှင့်ခြံလုပ်ငန်းများ လုပ်ကိုင်အသက်မွေးကြကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခုသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ပြည်သူများ ထိခိုက်သေဆုံးမှု အရေအတွက်မြင့်တက်များပြားလာနေကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။