အဆောက်အဦများပြိုကျသွား၍ နေပြည်တော်ရှိ ဝန်ကြီး ဌာနရုံးအချို့ ရန်ကုန်ကိုပြောင်းရွှေ့အခြေစိုက်မည်

by

in

အဆောက်အဦများပြိုကျသွား၍ နေပြည်တော်ရှိ ဝန်ကြီး ဌာနရုံးအချို့ ရန်ကုန်ကိုပြောင်းရွှေ့အခြေစိုက်မည်
============
စစ်ရုံးအတွင်းရှိ အရာရှိလိုင်းခန်းပြိုကျပျက်စီးသွား၍ သေဆုံးသူများပြား
ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

အင်အားပြင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဝန်ကြီး ဌာနရုံးများ ပြိုကျပျက်စီးကုန်သည့်အတွက် ရုံးတချို့ကို ရန်ကုန်တွင် ယာယီပြောင်းရွှေ့အခြေစိုက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။
အလုံးစုံပျက်စီးသွားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟို တယ်နှင့်ခရီးသွားလာရေးဌာနနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနတို့ကို ရန်ကုန်သို့ ခေတ္တပြောင်း ရွှေ့ ရုံးစိုက်မည်ဖြစ်ကြောင်း ဝန်ထမ်းအချို့ထံမှ သိရသည်။
“ရုံးသုံးခုကို နေရာရွှေ့မယ်ပြောတယ်။ အခုထိလိုင်းခန်းတွေမှာ ပိပြီးသေနေတဲ့အလောင်းတွေကို မထုတ်ရသေးလို့ အနံ့တွေလည်း ထွက်နေတယ်။ နေ့ခင်းဘက်ပါ သူခိုးတွေဝင်ခိုးလို့ ကိုယ့်လိုင်းခန်း ကိုယ်စောင့်ကြည့်နေရတယ်”ဟု လဝကဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ စစ်ရုံးထဲတွင်လည်း အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရာ ငုဝါဆောင် အရာရှိငယ်နေ အိမ်ရှစ်ခန်းတွဲနှစ်ထပ်လိုင်းခန်း အလုံးစုံပြိုကျပျက် စီးသွားပြီး စစ်ကောင်စီ၏ တပ်မိသားစုဝင်များ သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
“နိုင်ငံခြားရေးနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဌာနက ရုံးပစ္စည်းတွေ ပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။ ရုံးနဲ့လူနေလိုင်းခန်းတွေ အတော်ပျက်စီးသွားတယ်လို့ သိရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ၇ဒသမ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအများအပြား ပြိုကျပျက်စီးခဲ့ရာ ဝန်ထမ်းများ နေထိုင်စားသောက်ရေးအတွက် ခက်ခဲမှုများရှိနေကြောင်း နေပြည်တော် ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွာတော်တည်းခိုရေးစခန်းတွင် ရွှေသံလွင်ကုမ္ပဏီက နေပြည်တော်တပ်နယ်မြေအတွက် နေ့စဉ် လူအယောက် ၈၀၀၀ စာထမင်း၊ ဟင်းချက်ပြုတ်ပြီး ဝေငှနေရကြောင်း သိရသည်။
တစ်နေ့လျှင် လူ ၈၀၀၀ စာအတွက် နှစ်နပ်စာချက် ပြုတ်ပေးနေရခြင်းဖြစ်ပြီး လုပ်အားပေးမလုံလောက်သည့် အတွက် ချက်ပြုတ်မည့်သူကို ငွေကြေးပေး၍ ငှားရမ်းထားရကြောင်း သိရသည်။
Non CDM ဝန်ထမ်း ၈၀၀၀ ခန့်မှာ ထမင်းထုပ်များကို တည်းခိုရေးစခန်းများတွင် သွားရောက်ယူဆောင်နေရပြီး နေထိုင်စရာအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။
#နေပြည်တော် #ဝန်ကြီးဌာန #ရန်ကုန် #ပြောင်းရွှေ့ #သတင်းထွက်ပေါ် #လိုင်းခန်းပြိုကျ #သေဆုံးများပြား
#Ayeyarwaddy_Times