စစ်ရေးအရ အရေးပါလှတဲ့ အင်းတော်နဲ့ဖလမ်းအောင်ပွဲ
အညာသား၊ဟန်နွေ/People’s Spring
စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်မှာ စစ်ရေးအရ အရေးပါလှတဲ့ မြို့ ၂ မြို့ကိုတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။
၂၀၂၅ ဧပြီ ၇ ရက်နေ့ဟာ နွေဦးတော်လှန်ရေးရဲ့အရေးကြီး တဲ့နေ့တစ်နေ့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် ။စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်အစပ်မှာ စစ်ရေးအရ အရေးပါလှပြီး ၇ လတိုင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက ငါးလကြာထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
ဒါအပြင် စစ်တပ်မှာ မာလှ ၊ကြမ်းလှပါတယ်ဆိုပြီး နာမည်းဆိုးနဲ့ကျော်ကြားတဲ့ တပ်မ ၇၇ ကိုပါ တော်လှန်ရေးတပ်တွေက အောင်နိုင်ခဲ့တာဖြစ်ပါတယ်။
●အင်းတော်မြို့သိမ်းတိုက်ပွဲ
ဒုတိယကမ္ဘာစစ်လက်ကျန် လိုဏ်ဂူဖြစ်တဲ့ ဂျပန်လှိုဏ်ဂူထဲမှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်ပြီး လပေါင်းများစွာ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်တော်လှန်ရေးတပ်တွေဟာ လပေါင်းများစွာခက်ခက်ခဲခဲထိုးစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်။
၂၀၂၄ ဩဂုတ်လာထဲကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ဂျပန်လှိုဏ်ဂူကြောင့်ပဲ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ဒီလှိုဏ်ဂူဟာ မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာရှ်ိပြီး အတော်အသင့်ကြီးတဲ့ တောင်ထဲမှာ ဂျပန်တွေက ကျကျနန ဆောက်ထားတာဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA၊ABSDFနဲ့ PDFတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့အစီအစဥ်နဲ့ ၂၀၂၄ ဩဂုတ်လ ၁၆ရက်မှာ စတင်ထိုးစစ်ဆင်တိုက််ခိုက်ခဲ့တာပါ။ တချိန်တည်းမှာပဲတော်လှန်ရေးတပ်တွေက ပင်လည်ဘူးမြို့ ၊ထီးချိုင့်မြို့တွေကိုထိုးစစ်ဆင်ခဲ့ကြပါတယ် ။ ပင်လည်ဘူးမြို့ကိုတော့ ထိုးစစ်ဆင်ပြီရက်ပေါင်း ၅၀ ကျော်အကြာ ၂၀၂၄ အောက်တိုဘာ ၈ ရက်နေ့မှာပဲ PDF တွေကအပြီးသတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်အခုဆိုရင် တချိန်တည်းထိုးစစ်ဆင်ခဲ့တဲ့အထဲမှာ ပင်လည်ဘူး နဲ့ အင်းတော်သိမ်းနိုင်ပြီ ဖြစ်ပါတယ် ။ထီးချိုင့်မြို့ပဲကျန်တော့တာဖြစ်ပါတယ်။
စစ်ကောင်စီက အင်းတော်မြို့ခုခံစစ်ကို ပဲခူးတိုင်းအခြေစိုက်အမှတ်(၇၇)ခြေမြန်တပ်မကို တာဝန်ပေးခဲ့ပြီးတပ်မ(၇၇)အောက်မှာ တပ်ရင်း၅ရင်း၊ အင်အား ၇၀၀ခန့်အထိပို့ပြီး အင်းတော်မကျအောင် ခုခံခဲ့တာဖြစ်ပါတယ်။ပူးပေါင်းတပ်တွေရဲ့မြို့သိမ်းစစ်ဆင်ရေးကို တပ်မ ၇၇ တပ်မမှူး ဗိုလ်
မှူးချုပ် အောင်သက်ဦးက ဦးဆောင်ခုခံခဲ့ပါတယ်။
ပူးပေါင်းတပ်တွေက မြို့ထဲကစစ်ရေးပစ်မှတ်တွေကို မတိုက်ခိုက်ခင် ၂၀၂၄ ဇွန်လကစပြီး အင်းတော်မြို့ပတ်ချာလည်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။စစ်ရေးအရ အရေးပါတဲ့ အင်းတော်မြို့ နဘားလမ်းဆုံကို ဩဂုတ်လ ၂၂ရက်နဲ့ အင်းတော်မြို့မရဲစခန်းကိုဩဂုတ်လ ၂၄ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ ရဲစခန်းကိုသိမ်းယူတဲ့တိုက်ပွဲမှာ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် စစ်တပ်ကမတရားဖမ်းဆီးထားသူတချို့ကို အချုပ်ထဲကနေကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း စစ်ကောင်စီကထုံးစံအတိုင်း လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ မြို့ထဲကစခန်းတွေကို ပူးပေါင်းတပ်တွေကသိမ်းယူပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်းတော်မြို့မှာရှိတဲ့ နာမည်ကျော် ဂျပန်လှိုဏ်ဂူ နဲ့ ဘုရားကုန်းမှာ အခိုင်အမာတပ်စွဲလိုက်ပါတော့တယ်။
ဘုရားကုန်းကိုတော့ ရက်ပိုင်းအတွင်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမယ့် ကွန်ကရစ်အထပ်ထပ်နဲ့ မြေအောက်မှာရှိနေတဲ့ ဂျပန်လှိုဏ်ဂူကိုတော့တော်လှန်ရေးတပ်တွေက ထိုးဖောက်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ စစ်ကောင်စီတပ်က အင်းတော်မကျဖို့အတွက်လေကြောင်းကနေ တချိန်လုံးဗုံးကြဲ ပစ်ကူပေးခဲ့သလို လှိုဏ်ဂူဝန်းကျင်နေရာတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခုခံခဲ့ပါတယ်။ဒါကြောင့်တော်လှန်ရေးတပ်တွေဟာ ထိုးစစ်ဆင်လိုက် ၊နားလိုက် ၊ပြန်ထိုးစစ်ဆင်လိုက်နဲ့ ပုံစံမျိုးစုံစစ်ကစားပြီး ဝန်းရံပိတ်ဆို့ထားပြီးတော့ တိုက်ခဲ့ကြရပါတယ်။
ဒီအတောအတွင်းမှာ အင်းတော်မြို့ကို ကသာဖက်ကနေ စစ်ကူလာတဲ့ အင်အား၁၅၀ ခန့်ပါ စစ်ကြောင်းကို ကသာမြို့၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ မတ်လ ၁၅ ရက်နေ့က KIAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် ချေမှုန်းခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်၃၃ ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရကာ ၃၁ ဦး အရှင်ဖမ်းမိခဲ့ပါသေးတယ်။ သေဆုံးသူတွေထဲမှာ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရတဲ့ သင်တန်းဆင်းအများအပြားပါဝင်ခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ လှိုဏ်ဂူကို ဝိုင်းပတ်ပိတ်ဆို့ခံနေရတဲ့ စစ်တပ်ကလေကြောင်းပစ်ကူ ၊ဒရုန်းတွေအားပြုပြီး ဂူအပြင်ဘက် ကပိတ်ဆို့ထားတဲ့ ကာကင်းစခန်းတွေကိုတန်ပြန်ထိုးစစ်ဆင်တိုက်လာလို့မတ်လထဲမှာ စခန်းအချို့နောက်ဆုတ်ပေးခဲ့ရပါသေးတယ်။ ကာကင်းစခန်းငယ်တချို့ရတာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါသေးတယ်။
မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းငလျင်ကြီးကြောင့်သေဆုံးပျက်စီးမှုများတာမို့ ငလျင်ဒဏ်သင့်ဒေသတွေမှာ မတ်လ ၃၀ရက်ကနေ ဧပြီလ ၁၂ရက်အထိ ခုခံစစ်ကလွဲပြီး ထိုးစစ်ဆင်တာတွေ ရပ်ထားမယ်လို့ NUGက ကြေညာခဲ့ပါတယ်။အဲဒီနောက် ထိုးစစ်တွေရပ်နားခဲ့ပါတယ် ။အဲဒီအချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျပန်လှိုဏ်ဂူကနေထွက်လာတဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
NUGက ထိုးစစ်တွေရပ်ထားချိန်မှာပဲ စစ်ကောင်စီအုပ်စုက တိုက်ပွဲတွေပြန်စတင်တာဖြစ်လို့ အင်းတော် မြို့သိမ်းတိုက်ပွဲကိုလက်စသတ်လိုက်တာလို့ PDF ရဲဘော်အချို့ကပြောပါတယ်။ လနဲ့ချီပြီး အကာအကွယ်ယူခဲ့တဲ့သမိုင်းဝင် ဂျပန်လှိုဏ်ဂူကို ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခြင်းနဲ့အတူ ၂၀၂၄ ဩဂုတ်လ ၁၆ရက်၌ စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၅ ဩဂုတ်လ ၇ရက်မှာအောင်ပွဲခံနိုင်ခဲ့ပါတယ်။
ထွက်ပြေးသွားတဲ့ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့ စစ်သုံ့ပန်း ၁၇၀ကျော်ကိုလည်းပူးပေါင်းတပ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်းထဲကတိုက်ပွဲတွေမှာ ဗိုလ်မှူးချုပ်တဦးကို ပထမဆုံးအကြိမ်ဖမ်းမိတာလည်းဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်အများစုပါတဲ့ ပူးပေါင်းတပ်တွေက စစ်တပ်ရဲ့ တပ်မ ၇၇ ကိုအောင်ပွဲရခဲ့တာလည်းဖြစ်ပါတယ် ။
၈လ ကြာခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းတပ်ဘက်က ရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။ ပေးဆပ်မှုတွေဟာတန်ဖိုးကြီးမားလှသလို တော်လှန်ရေးတပ်တွေဟာ ဂျပန်လှိုဏ်ဂူနဲ့အတူ ဟောင်ဝစ်ဇာ အပါအဝင်လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ပါတယ် ။
အင်းတော်ဟာ ကချင်နဲ့ စစ်ကိုင်းနယ်မြေစိုးမိုးရေးမှာ အချက်အချာကျတဲ့နေရာဖြစ်ပြီး အခုဆိုရင် စစ်ကောင်စီအနေနဲ့ ကချင်နဲ့စစ်ကိုင်း မြေပြင်ကနေသွားလာလို့မရတော့ဘူးလို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေကဆိုပါတယ်။ ဒါအပြင် ရှမ်းမြောက်၊စစ်ကိုင်း၊ကချင်၊မကွေး ၊ရခိုင်ပြည်နယ်အထိ လွန်းထိုးဆက်သွယ်နိုင်တဲ့အခွင့်အရေးကိုတော်လှန်ရေးတပ်တွေကရသွားပြီဖြစ်ပါတယ်။
အောင်ပွဲရ အင်းတော်မြို့သိမ်းတိုက်ပွဲဝင်ကာကွယ်ရဲဘော်တွေကို လူထုက သပြေပန်းတွေနဲ့ ကြိုဆိုနေကြပါတယ်။ တိုက်ပွဲဝင်ရဲဘော်တွေကလည်း အိုးစည်ဗုံမောင်းတွေနဲ့ ကခုန်ပြီးအောင်ပွဲခံခဲ့ကြပါပြီ။
●ဖလမ်းမြို့သိမ်းတိုက်ပွဲ
ချင်းပြည်နယ် မြောက်ပိုင်းမှာ စစ်ရေးအရ အရေးပါတဲ့ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ်မှာ စစ်ကောင်စီကင်းစင်သွားပြီလို့ ချင်းညီနောင်က ဧပြီ ၉ ရက်နေ့မှာကြေညာလိုက်ပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး ဖလမ်း နဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ၉ရက်မှ တပြိုင်တည်းစတင်ခဲ့တာပါ ။ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဖလမ်းမြို့ကိုတော့ ငါး လအကြာ ထိုးစစ်ဆင်ပြီး ဧပြီ ၇ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ဖလမ်းရဲစခန်းအပါအဝင်မြို့နဲ့ မြို့နယ်အတွင်း စစ်ကောင်စီ နေရာ အများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် နောက်ဆုံးကျန်နေတဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း(ခလရ၂၆၈) ကိုတော့ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ကြရတာပါ။
၂၀၂၄ ဒီဇင်ဘာမှာ ခလရ(၂၆၈)ကို စစ်ကောင်စီက လူအင်အား တစ်ရာလောက် လေကြောင်းက ဖြည့်တင်းခဲ့ပါတယ်။ ရဟတ်ယာဥ်နဲ့ချပြီး မကြာခင်မှာကဲ အားလုံးနီးပါးကို ချင်းညီနောင်က စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးကျန်တဲ့ ခလရ ၂၆၈ ကို စစ်ကူမပို့နိုင်အောင် တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပါတယ် ။
ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့ဝင်တွေသာမက စစ်ကိုင်း၊ မကွေး၊ ယောဒေသ က တော်လှန်ရေး တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့လည်း ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပညတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင် ပြီးမှ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ မိုင်လေးဆယ်ကျော်အကွာမှာရှိတဲ့ ဖလမ်းဟာ စစ်ရေးအရလည်း အရေးပါလှပါတယ်။ဒါကြောင့် စစ်ကောင်စီဘက်က တပ်မ (၇၇ )လက်အောက်က ခလရ (၃၉၁) နဲ့ ခလရ ၈၉ စစ်ကူတွေ အကြိမ်ကြိမ်ပို့ခဲ့သလို လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့ပါတယ် ။
ဒါပေမယ့် တိုက်ပွဲဝင်ရဲဘော်တွေက ဖလမ်းမြို့ကို မရရအောင် တိုက်မယ်ဆိုတဲ့ ခံယူချက်နဲ့ အသက်တွေပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့တာကြောင့် အောင်မြင်မှုရခဲ့တယ်လို့ ချင်းညီနောင်တာဝန်ရှိသူတွေ့ ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ကိုသိမ်းတဲ့တိုက်ပွဲမှာ ထူးခြားချက်က ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ လေးနှစ်သာ အတွေ့အကြုံရှိတဲ့ တော်လှန်ရေးအဖွဲ့တွေက ရဲဘော်တွေချည်းပဲထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ဒုဥက္ကဋ္ဌ ဆလိုင်းပီတာထန်းက ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ ရဲဘော်တွေရဲ့ ထိုးစစ်ဆင်မှုကို စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ်ပေါင်းထောင်ချီ အသုံးပြုခဲ့ပေမယ့် တိုက်ပွဲ ၅လအကြာမှာ ခုခံကာကွယ်နိုင်ခြင်းမရှိတော့ဘဲ ချင်းပြည်နယ် မြောက်ပိုင်းက တပ်ရင်းအဆင့် စခန်းတခုကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ခလရ(၂၆၈) တပ်ရင်းမှူး ဝေလင်းထွန်း တိုက်ပွဲမှာ သေဆုံးခဲ့သလို ဗိုလ်မှူးအဆင့် အပါအဝင် အရာရှိတွေနဲ့ စစ်သုံ့ပမ်း ၂၀၀ ကျော် ဖမ်းမိခဲ့တယ်လို့ CNO/CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ပြောပါတယ်။
စစ်သားတွေကို ဥပဒေနဲ့အညီအရေးယူမှာဖြစ်ပေမယ့် စစ်သည်မဟုတ်တဲ့ စစ်သားမိသားစုဝင်တွေကိုတော့ တိုက်ပွဲနဲ့ တိုက်ရိုက်မသက်ဆိုင်တာကြောင့် ဘ၀ရှေ့ရေး ပြန်လည်ထူထောင်နိုင်ရေး ချင်းအမျိုးသားအဖွဲ့ချုပ်က တာဝန်ယူဆောင်ရွက်ပေးဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ ဟောင်ဝစ်ဇာအပါအဝင်လက်နက်ကြီး လက်နက်ငယ်၊ ဒရုန်း၊ ဂျန်ဘာ စတဲ့ လက်နက်မျိုးစုံ ရာချီ၊ ခဲယမ်း၊ ကျည်အများအပြားသိမ်းပိုက်ရရှိခဲ့သလို ခလရ(၂၆၈)တပ်ထဲက ကျပ်သိန်း ၄၈၀၀ ကျော်ရှိတဲ့ ငွေသားတွေကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။
ချင်းညီနောင်ရဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့တွေသာမကဘဲ အညာဒေသ၊ ယောဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက် ပေးဆပ်ခဲ့ကြတာကို ချင်းညီနောင်တာဝန်ရှိသူတွေက ကျေးဇူးတင်ဂုဏ်ပြု အမှတ်ရနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အညာဒေသ၊ ယောဒေသ အပါအဝင် တော်လှန်ရေးအတွက် လိုအပ်ရင် နေပြည်တော်အထိပါ ချင်းညီနောင်က တော်လှန်တိုက်ပွဲတွေမှာ လိုအပ်သလို ဆက်လက်ပါဝင်သွားမယ်လို့လည်းCNO/CNDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ချင်းညီနောင်နဲ့ မဟာမိတ်တွေရဲ့ ဖလမ်းအောင်ပွဲကြောင့် ချင်းပြည်နယ်မှာ စစ်ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။ မြို့နယ် ၉ မြိုနယ်ရှိတဲ့ ချင်းပြည်နယ်မှာ အာရက္ခတပ်တော် (AA)ကပလက်ဝမြို့နယ် ၊ချင်းညီနောင်က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်တွေ၊ ချင်းကောင်းစီကတွန်းဇံမြို့နယ်တို့ကို အသီးသီးသိမ်းပိုက်ထားပါတယ်။ချင်းကောင်စီက အခြားမြို့ငယ် ၈ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်သလို ၊ချင်းညီနောင်ကလည်း ကျီးခါးမြို့ကိုသိမ်းပိုက်ထားပါသေးတယ် ။
ဒါကြောင့်စစ်ကောင်စီဟာ ဟားခါး၊ ထန်တလန်၊ တီးတိန် မြို့နယ်တွေနဲ့ ခိုင်ကမ်းမြို့မှာပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာလည်း စစ်ကောင်စီက မြို့ပေါ်မှာပဲအဓိကတပ်စွဲနိုင်နေတာဖြစ်ပါတယ်။
အခုနောက်ပိုင်းမြို့တွေ ၊ စစ်တပ် တပ်ရင်းတွေ၊ စစ်စခန်းတွေ ဆက်တိုက်သိမ်းနေတဲ့ ချင်းညီနောင်တော်လှန်ရေးတပ်တွေက ဖလမ်းမြို့နယ်ကို သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ စစ်ကောင်စီတပ်နောက်ဆုံးကျန်နေတဲ့ သုံးမြို့နယ်ကို အဓိက ခြိမ်းခြောက်နိုင်ပြီလည်းဖြစ်ပါတယ်။ချင်းညီနောင်ဟာ တီးတိန်မြို့နယ်ကစစ်တပ်စခန်းတွေကို ဆက်တိုက်လိမ့်မယ်လို့ ခန့်မှန်းချက်တွေလည်းထွက်နေပါတယ်။
CNO/CNDFပြောရေးဆိုခွင့်ရှိသူက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းစစ်အာဏာရှင်စနစ်ကို လက်မခံတဲ့ ပြည်သူတွေရဲ့ ထည့်ဝင်ပါဝင်မှုတွေ ၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အသက်ကိုပဓါနမထားပဲ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိတွေရဲ့ကြောင့် အခုလိုအောင်ပွဲတွေရတာလို့ပြောပါတယ် ။ ပြည်သူတွေ ၊ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေဟာ အလဟသဆုံးရှုံးသွားမှာမဟုတ်ပဲ ရှေ့မှာလည်း အောင်ပွဲထပ်ရမှာဖြစ်တယ်လို့ သူကပြောလိုက်ပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate