Breaking News- မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်တာနှင့်နေအိမ်များ ယိမ်း ထိုးသွား၍ မန္တလေး၊ ဝမ်းတွင်း အပါအဝင် မြို့ပြပြည်သူများ လမ်းပေါ်ပြေးဆင်းရ
ရန်ကုန်၊ ဧပြီ ၁၃
မန္တလေးတိုင်း၊ မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS က သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် မိတ္တီလာမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း၊ အဆိုပါ ငလျင်ကြောင့် မန္တလေး၊ ဝမ်းတွင်းမြို့နယ်များ အပါအဝင် မြို့အများစုတွင် ခံစားသိရရှိပြီး နေအိမ်တိုက်တာအဆောက်အအုံများ ယိမ်းထိုးသွားခဲ့ကြောင်း သိရှိရသည်။
” ငလျင်လှုပ်သွားတာ အရမ်းကို သိသာပါတယ်။ ကိုယ်လည်း လမ်းပေါ်ပြေးထွက်တော့ ကိုယ့်ထက်ငါ လမ်းပေါ်မှာ လူတွေ ရောက်နှင့်နေပြီ။ ငလျင်က ဆက်တိုက်လှုပ်နေတာပဲ။ နေ့ဘက်လှုပ်တော့ သိချိန်နဲ့ ပြေးချိန်ရှိတာ တော်သေးတယ်” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ဆိုသည်။
ဝမ်းတွင်းမြို့မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ ယခင်ကထက် ပို၍ ပြင်းထန်လာကြောင်း ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ ဧပြီလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၄ မိနစ် အချိန် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၉ အဆင့်နှင့် အင် အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိပေးချက် ထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ပေါင်း ၁၂၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း လှုပ်ခတ်သော ၅ ဒသမ ၅ အဆင့်ရှိ ငလျင်မှာ ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ကို ဗဟိုပြု၍ လှုပ်ခတ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလ ဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ငလျင်ကြောင့် အပျက်အစီးများကို ရှင်းလင်းနေစဉ်။
မန္တလေး၊ ဝမ်းတွင်းမြို့အနီးကို အင်အား ၅ ဒသမ ၉ ပမာဏ ရှိတဲ့ ငလျင်လှုပ်ခတ်
ဧပြီ ၁၃၊ ၂၀၂၅
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီးကို အင်အား ၅ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ မနက်မှာ ထပ်မံ လှုပ်ခတ်သွားပါတယ်။
ဧပြီလ ၁၃ ရက် မနက် ၈နာရီ ၄၅မိနစ်ခန့်က ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
“ ဒီတစ်ခါလှုပ်တာက ဒုန်းဆိုပြီး အသံ မပေးဘူး
အိမ်ကို ကိုင်ပေါက်နေသလို လှုပ်တာ အတော်ကြမ်းတာ” လို့ သဲတောဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်
ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုတွေနဲ့ အညီ နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ဧပြီ ၁၂ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့အနီးနဲ့ မန္တလေးတိုင်း ၊ စဉ့်ကိုင့်မြို့အနီးမှာ ငလျင်တွေ လှုပ်ခတ်ခဲ့ပါသေးတယ်။
#SpringRevolution