အမျိုးသားညီညွတ်ရေးအစိုးရက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်
ရန်ကုန်၊ဧပြီ ၁၃
အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ မတ်လ ၃၀ ရက်နေ့ မှ ဧပြီ ၁၂ ရက်နေ့အထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ကြောင်း၊ ယင်းနောက် ငလျင်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင် ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှါ ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များတွင် ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သောအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် (၃/၂၀၂၅) ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
“ထိုးစစ်ကို ၂ ပတ် ကျနော်တို့ ရပ်နားတာဖြစ်ပါတယ်။ ၂ ပတ်ရပ်နားတာကတော့ ၃၀ ရက်နေ့ (မတ်လ ၃၀ ရက်) ကနေစတယ်ပေါ့။ စပြီးတော့ ကျနော်တို့ ၁၂ ရက်နေ့ဆိုရင် ပြည့်ပြီပေါ့နော်။ ပြည့်တဲ့အတွက်ကြောင့် ကျနော် တို့ နောက်ထပ် ၇ ရက်ပေါ့။ ၇ ရက်တာ ကာလကိုလည်း ကျနော်တို့ နိုင်ငံလုံးဆိုင်ရာ ပြည်သူလူထုဝမ်းနည်းကြေကွဲမှုနေ့ နှစ်သိမ့်အားပေးမယ့် ရက်သတ္တပတ်ဆိုပြီးတော့လည်း ဒါ NUG က ကြေညာထားတာရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီနောက်ထက်တစ်ပတ်ပေါ့နော် ၁၃ ရက်နေ့ ကနေပြီးတော့ နောက်ထပ်တပတ်ကို ထိုးစစ်ရပ်စဲရေးအတွက် ဆက်လက်ပြီးတော့ ကာလတိုးချဲ့သွားဖို့” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ထိုးစစ်များ ဆင်နွှဲခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက် လုပ်ဆောင်နေကာ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
