ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နဲ့ ငလျင်ပြန်လည်ထူထောင်ရေး၊ အပစ်အခတ်ရပ်စဲရေး လေးစားလိုက်နာဖို့ စစ်ကောင်စီကို ကုလ တောင်းဆို

by

in

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နဲ့ ငလျင်ပြန်လည်ထူထောင်ရေး၊ အပစ်အခတ်ရပ်စဲရေး လေးစားလိုက်နာဖို့ စစ်ကောင်စီကို ကုလ တောင်းဆို
~~~
◼ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ကြေညာပေးဖို့ ကုလသမဂ္ဂ က ဧပြီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ငလျင်ကြောင့် လူပေါင်း ၃၆၀၀ ကျော် သေဆုံးကာ ၅၀၁၈ ဦး ဒဏ်ရာရပြီး ၁၄၅ ဦး ပျောက်ဆုံးနေချိန် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ငလျင်ဘေး အသက်ရှင်ကျန်ရစ်သူ တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တားဆီးပိတ်ပင်တာတွေအပေါ် ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာရုံး ပြောခွင့်ရသူ Ravina Shamdasani က မြန်မာစစ်တပ်ဟာ ငလျင်ကာလအတွင်း တိုက်ခိုက်မှုအကြိမ် ၁၂၀ ကျော်ရှိခဲ့ကြောင်း၊ ထက်ဝက်ကျော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာတဲ့ ဧပြီ ၂ ရက်နေ့ နောက်ပိုင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ အများစုက လေကြောင်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးတာတွေကို တားဆီးမှုမှန်သမျှ ဖယ်ရှားပေးဖို့ နဲ့ စစ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေ အမြန်ဆုံး ရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ကလည်း တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေတာတွေ ရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီကို ဧပြီလ ၁၀ ရက် နေ့က တိုက်တွန်းလိုက်ပါတယ်။
__________
ဒေါ်အောင်ဆန်းစုကြည် ပုံ, ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ။ Photo: AFP