ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် ဒီပဲယင်းနယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ ရှိနေသော ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ ကပ္ပိယ အဘိုးအို ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း အတွင်းရှိ ကျန် ကိုရင် ၃ ပါး နှင့် ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ကိုရင် ၃ ပါးနဲ့ ပြည်သူ ၃ ဦးသေဆုံးတယ်လို့တော့ သိထားရတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။