ပြည်တွင်းပြည်ပကုမ္ပဏီများ၏ ငလျင်ဘေးအလှူငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်မှာ နိုင်ငံတဝန်းလူထုအပေါ် စစ်အုပ်စု ကျူးလွန်မှုများအား အထောက်အပံ့ဖြစ်နိုင်ဟု JFM သတိပေး
ဧပြီ-၁၂၊ ၂၀၂၅။ အီယိုရီ/People’s Spring
ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပကုမ္ပဏီများက စစ်အုပ်စုကို လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅.၈ သန်းသည် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတဝန်းလူထုအပေါ် ကျူးလွန်နေမှုများအတွက် အထောက်အပံ့ ဖြစ်သွားနိုင်ကြောင်း Justice For Myanmar က သတိပေးလိုက်သည်။
နိုင်ငံစုံအလှူရှင်များက စစ်တပ်ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် အလှူငွေများ ပေးအပ်ခဲ့ကြပြီး ယင်းအလှူရှင်များထဲတွင် ဂျပန်နိုင်ငံ၏ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နှင့် China National Petroleum Corporation (CNPC) တို့ ပါဝင်ကြောင်း JFM က ထုတ်ပြန်သည်။
ဂျပန်နိုင်ငံ၏ AEON 1% Club Foundation သည် ဧပြီ ၂ ရက်တွင် ယန်း ၁၀ သန်း( အမေရိကန်ဒေါ်လာ ၇၀,၀၀၀)တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တိုကျိုမြို့ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ သံရုံးထံ လှူဒါန်းခဲ့သည်။
အငြင်းပွားဖွယ် တရုတ်-မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို လုပ်ကိုင်သည့် CNPC ကုမ္ပဏီကလည်း ဧပြီ ၈ ရက်တွင် စစ်အုပ်စုထိန်းချုပ်ထားသည့် မန္တလေးအစိုးရထံ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို လှူဒါန်းခဲ့သည်။
ထို့အပြင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး လေးရက်အကြာ ဧပြီ ၁ရက်တွင် စစ်အုပ်စု ကျင်းပခဲ့သည့် အခမ်းအနားတစ်ခု၌ မြန်မာခရိုနီများက အများဆုံးလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြကြောင်း စစ်အုပ်စု မီဒီယာများတွင် ဖော်ပြထားသည်။ မြန်မာခရိုနီများနှင့် စီးပွားရေးမိတ်ဖက်များက ကျပ်သန်းပေါင်း ၁၀၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၉.၇ သန်း) ငွေသားနှင့် နောက်ထပ် ကျပ်သန်းပေါင်း ၁၂.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၉ သန်း) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စု၏ အရေးပါသော ပုဂ္ဂိုလ်များထံ တိုက်ရိုက်လှူဒါန်းခဲ့သည်။
Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့သည့် အလှူရှင်များတွင် ကမ္ဘောဇဘဏ်မှ ဇော်လင်းအောင်၊ ရွှေတောင်အုပ်စုမှ အောင်ဇော်နိုင်၊ အိုင်ဂျီအီးအုပ်စုမှ နေအောင်၊ မက်စ်အုပ်စုမှ ဇော်ဇော်၊ စီဘီဘဏ်မှ ခင်မောင်အေး၊ အောင်မြင်သူအုပ်စုမှ လှမျိုးနှင့် စူပါဆဲဗင်းစတားအုပ်စုမှ မြင့်ဇော်သိန်းတို့ ပါဝင်သည်ဟု ဆိုသည်။
“မြန်မာပြည်သူတွေက အကြမ်းဖက်မြန်မာစစ်အုပ်စုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဘေးဒုက္ခအကျပ်အတည်း များစွာကို ခံစားနေခဲ့ကြရပြီး ပြီးခဲ့တဲ့လ ဖျက်အားပြင်းငလျင်က ဒီဒုက္ခအကျပ်အတည်းတွေကို ထပ်ပြီးထိုးနှက်လိုက်တာ ဖြစ်ပါတယ်။ အခုအခါမှာလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျိုးအမြတ်အတွက် အမြတ်ထုတ်တာကို ခံနေကြရပါတယ်။ ပြည်သူလူထုက ငလျင်ဘေးကြီးနဲ့အတူ စစ်အုပ်စုကျူးလွန်နေတဲ့ တိုက်ခိုက်မှုတွေ၊ စစ်အုပ်စုတရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ပိုပြီးဆိုးရွားလာတဲ့ အကျိုးဆက်တွေကို တုံ့ပြန်ဖို့ရာ အကူအညီတွေကို အပူတပြင်း လိုအပ်နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကို ကျူးလွန်သူနေများမှတဆင့်မဟုတ်ဘဲ ယုံကြည်ထိုက်သော၊ တာဝန်ယူမှုရှိသော၊ လွတ်လပ်သော ဒေသခံအကူအညီပေးနေသူများမှတဆင့် အကူအညီများကို အလိုအပ်ဆုံးသောသူများထံ တိုက်ရိုက်ရောက်စေရန် အရေးတကြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မရတနာမောင်က တိုက်တွန်းသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီ ၉ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း ၉၂ ခုကို မှတ်တမ်းတင်ထားခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်။ တိုက်ခိုက်မှုများစွာကို ငလျင်ဘေးထိခိုက်ခဲ့သည့် မန္တလေးနှင့် စစ်ကိုင်းဒေသများအတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်စုက လူမှုစာနာအကူအညီများအား လက်နက်အဖြစ် အသုံးပြုခဲ့ကြောင်း သတင်းများက အတည်ပြုနေကြောင်း JFM က ဆိုသည်။
ယင်းနောက် စစ်အုပ်စုက လူမှုစာနာအကူအညီများကို ပိတ်ပင်ခြင်း၊ သိမ်းဆည်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအား ၎င်းတို့ အကျိုးအမြတ်အတွက် အမြတ်ထုတ်ခြင်း၊ တစ်ဖက်တွင် ကူညီကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်သားများအား ပစ်မှတ်ထား၊ စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ပြီး သတင်းမီဒီယာနှင့် ဆက်သွယ်ရေးများအား တင်းတင်းကြပ်ကြပ် ကန့်သတ် ပိတ်ပင်မှုများကို လုပ်ဆောင်နေကြောင်း သိရသည်။
(စစ်ကိုင်းငလျင် အတွက်ခေါင်းစဥ်ဖြင့် ခရိုနီလုပ်ငန်းရှင်များက အာဏာသိမ်းခေါင်းဆောင်ထံငွေပေးအပ်စဥ်။ဓါတ်ပုံ-စစ်ကောင်စီ)