တောင်ဒဂုံ မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရ

by

in

တောင်ဒဂုံ မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၂
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း THE BLOOD LINE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် တောင်ဒဂုံမြို့နယ်၊ တောင်-မြောက် လမ်းဆုံအနီးရှိ မြို့မရဲစခန်းကို THE BLOOD LINE အဖွဲ့ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ရဲစခန်းအတွင်းရှိ ရဲများရှိနေသော နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၁ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” အခု နံနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာပါ။ ဒဂုံမြို့သစ်တောင်ပိုင်း တောင်​-မြောက် လမ်းဆုံက ရဲစခန်းကို တိုက်ခိုက်ခဲ့တာပါ။ ရဲခွေး ၂ ကောင်မှာ ၁ ကောင်ကတော့ ပြင်းထန် ဒဏ်ရာ အခြေအနေလို့ သိရပါတယ်” ဟု THE BLOOD LINE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
THE BLOOD LINE အဖွဲ့သည် လုံခြုံရေး အခြေအနေကြောင့် MISSION များကို သတင်းထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ယခုအခါ အဖွဲ့အနေဖြင့် ရပ်တည်ရန်ခက်ခဲလာခြင်းကြောင့် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ဆက်လက် ဖြိုဖျက်တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများ၏ နေရာများကို သွားလာခြင်းမပြုလုပ်ရန် THE BLOOD LINE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။