မတ်လ ၂၈ ရက် ငလျင်ကြီးလှုပ်ချိန်မှာ နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထိတ်လန့်တကြား ဖြစ်သွားခဲ့တယ်လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
‘’ကျန်းမာရေးကောင်းမွန်ပါတယ်။ ငလျင်လှုပ်တဲ့အချိန်တော့ တော်တော်လန့်သွားတယ်’’ လို့ သူက ပြောပါတယ်။ ငလျင်လှုပ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုအကျယ်ချုပ်ချထားတဲ့ နေပြည်တော်က နေအိမ်တစ်လုံးမှာရှိနေပြီး အကျဉ်းထောင်ထဲမှာမဟုတ်ဘူးလို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
သူ့ကို ထားတဲ့အဆောက်အဦလည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ အကျယ်ချုပ်ချထားတဲ့ နေအိမ်ကနေ လတ်တလော ရွှေ့ဖို့ အစီအစဉ်မရှိဘဲ အဲဒီနေရာမှာ လုံခြုံစိတ်ချရတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့နေရာကို စစ်ကောင်စီကတရားဝင်ထုတ်မပြောထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးချိန်ကစလို့ နေပြည်တော်က နေရာသုံးခုထက်မနည်းကို ပြောင်းရွှေ့ခဲ့တယ် လို့ ဘီဘီစီရဲ့ စုံစမ်းမှုအရ သိရပါတယ်။
နေပြည်တော်အချုပ်ထောင်၊ ဒုတိယဝန်ကြီးအိမ်ရာတစ်ခုနဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ထဲက ရိပ်သာတစ်ခု တို့မှာ ပြောင်းရွှေ့ချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကိုမသိရတာကြောင့် အင်မတန်စိုးရိမ်မိတယ်လို့သားငယ် ကိုထိန်လင်းက ဧပြီ ၉ ရက် ဆိုရှယ်မီဒီယာမှာ ပြောကြားထားတယ်လို့ ရေဒီယို NUG က သတင်းဖော်ပြခဲ့ပါတယ်။