စစ်ကိုင်းငလျင်ကြီးကြောင့် နန်းတွင်းရှိ လပခစစ်ဌာနချုပ်အဆာက်အအုံများပျက်စီးမှုရှိဟု စစ်ကောင်စီ ပြောလာ
ဧပြီ ၁၂၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့နန်းတွင်းအတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)၏ အဆာက်အအုံများပျက်စီးမှုရှိသည်ကို စစ်ကောင်စီက ပြောဆိုလာသည်။
ယနေ့(ဧပြီ ၁၂ရက်)ထုတ်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာအချို့တွင် ဖော်ပြချက်အရ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တို့ မန္တလေးမြို့သို့လာရောက်ခဲ့ကြောင်း ကနဦးဖော်ပြသည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ ငလျင်ဒဏ်သင့်နေရာများရှိ အပျက်အစီးများအမြန်ဆုံးရှင်းလင်းရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်ဟု ဆိုသည်။
နန်းတွင်းရှိ စစ်တပ်အဆောက်အအုံများအပြင် စစ်ကြောရေးအချုပ်ဆောင်များလည်းပြိုကျခဲ့ပြီး နန်းတွင်း၌ရှိသည့် အဆောက်အအုံ၏ ၇၀ ရာခိုင်နှုန်းခန့် ပြိုကျခဲ့ကြောင်း လပခရှိ စစ်ကောင်စီတပ်သားတစ်ဦးက လူထုနွေဦးသို့ အသိပေးထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ သေဆုံးထိခိုက်ခြင်း ၊အချုပ်ဆောင်ရှိ အကျဥ်းသားများ ထိခိုက်သေဆုံးမှုလည်းရှိကြောင်းလည်း ၎င်းက ဆိုသည်။
“စီနီယာဆရာဝန်တချို့ကို ခေါ်သွားတာ။ဒဏ်ရာရတဲ့သူတွေ များတယ်လို့ပဲ သိရတယ်။အရေအတွက်နဲ့သေဆုံးစာရင်းကို မသိရဘူး။တပ်မိသားစုဝင် သေဆုံးစာရင်းတောင် ဆရာဝန်တွေ ကိုယ်တိုင်မသိရဘူး”ဟု နန်းတွင်းရှိ စစ်ကောင်စီတပ်သားက ပြောသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နန်းတွင်းအတွင်း အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မန္တလေး၊ မကွေးတိုင်းတောင်ပိုင်းနှင့် ၎င်းတို့နှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရကြောင်းသိရသည်။
လက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်ကျော်ကိုထိုက် ဖြစ်သည်။
မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်တွင်လည်း ဝန်ကြီးဌာနရုံးများအပါအဝင် စစ်ဘက်ရေးရာနှင့် ဆက်စပ်သည့် ပျက်စီးမှုများရှိသော်လည်း စစ်ကောင်စီက သတင်းထိန်းချုပ်ထားသည်။
(စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့ကျုံးရိုးပြိုကျပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)
