နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်သောကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိမည်
ရန်ကုန်၊ ဧပြီ ၁၁
နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင် လှိုင်၏သား အောင်ပြည့်စုံပိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း ၊ ပဲခူးတိုင်း အပါဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အပျက်အစီးကြီးမားခဲ့ကြောင်း၊ ယင်းဒေသများတွင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ လမ်းတံတားများ ပျက်စီးသွားပြီး ယင်းပျက်စီးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီများထံသို့ ခွဲတမ်းများ ချထားပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ချထားပေးရာတွင် နေပြည်တော်မှ တည်ဆောက်ပြုပြင်ရေး လုပ်ငန်းအများစုကို မင်းအာင်လှိုင်၏ သား ဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
“နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ရှမ်းတောင်မှာ အပျက်အစီးကြီးမားတော့ အဲဒါတွေကို အချိန်မီ ပြန်လည် ပြုပြင် တည်ဆောက်ဖို့ ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ချထားပေးဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။ အဲဒီမှာ နေပြည်တော်က ပြန်လည်ပြုပြင်တည်ဆောက်မယ့် တင်ဒါတွေကို တပ်ချုပ်သားကုမ္ပဏီက ရမယ်။ ကျန်တာတွေလည်း အခြားပုဂ္ဂလိကကုမ္ပဏီတွေက ခွဲခြမ်းရကြမယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
အောင်ပြည့်စုံက Sky One ဆောက်လုပ်ရေးကုမ္ပဏီအပြင် ဘုန်းမြတ်ပြည့်စုံ ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ စစ်တပ်နှင့် အရပ်ဘက်ဝန်ကြီးဌာနများ၏ ဆောက်လုပ်ရေး တင်ဒါ၊ လမ်းတံတား တည် ဆောက် ရေး တင်ဒါများ၊ EV ကားနှင့် ဆိုလာပြားများ တင်သွင်းခြင်း အပါအဝင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်း အသေး၊ အလတ်၊ အကြီး မျိုးစုံကို အောင်ပြည့်စုံက လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ လူနေတိုက်တာ ၆၀၀၀၀ ကျော်၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃,၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာရုံး/ အဆောက်အအုံ ၃၆၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် တံတားပေါင်း ၁၅၅ စင်း၊ ဘုရားစေတီ ၅၆၂၀ ထိခိုက်ပျက်စီးဆုံးခဲ့ကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်း၊ ရထားလမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ အမြန်လမ်းမကြီးတလျှောက် အပိုင်း ၁၄၈ ခု ထိခိုက်ပျက်စီးခဲ့ရကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
လူထိခိုက်သေဆုံးမှုအနေဖြင့် ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ သေဆုံးသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူ ၁၄၅ ဦး ရှိကြောင်း သိရှိရသည်။