တောင်ကိုရီးယားက ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်

by

in

တောင်ကိုရီးယားက ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်
ရန်ကုန်၊ ဧပြီ ၁၁

တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံမှ ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်အုပ်စုထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ကိုရီးယားလွှတ်တော်၌ ပြုလုပ်သော မြန်မာ့အရေးကြားနာပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဝန် ကြီး ဦးအောင်မျိုးမင်း၊ NUG၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့ တက်ရောက်ခဲ့ကြောင်း၊ ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် လွှတ်တော်အမတ် အီယုန်ဆွန်း ၊ ဒီမိုကရက်ပါတီ လွှတ်အမတ်များဖြစ်ကြသည့် ဂျိုဂျောင်ရှိ၊ ဆောယောင်ဆော့ဂ်၊ ဘတ်ဟုန်းဘဲ၊ အီဂန်အီးလ်၊ ချာဂျီဟိုး နှင့် တာ၀န်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း NUG က သတင်းထုတ်ပြန်သည်။
တောင်ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းက ကိုရီးယားနိုင်ငံအနေနှင့် လူသားချင်းစာနာသော အထောက်အပံ့များကို အကြမ်းဖက်စစ်အုပ်စု လက်သို့ တိုက်ရိုက်ပေးအပ်မည် မဟုတ်ဘဲ မြန်မာပြည်သူများလက်သို့ ရောက် ရှိအောင် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ ပေးအပ်မည်ဖြစ်ကြောင်း၊ ကိုရီးယားအစိုးရသည် မြန် မာ နိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်စဉ်ကတည်းက ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက် ရပ်တည်နေကြောင်း ပြောကြားသည်။
အဆိုပါကြားနာပွဲတွင် NUGဝန်ကြီး ဦးအောင်မျိုးမင်းက “စစ်တပ်ဖန်တီးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝမြေငလျင်ဒဏ်ကြားက မြန်မာနိုင်ငံ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကိုရီးယားအစိုးရနှင့် လွှတ်တော်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းနေသော ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်ရန်၊ စစ်လက်နက်နှင့် လေယာဉ်ဆီ အပါအဝင် နည်းပညာ ထောက်ပံ့ခြင်းများကို ပိတ်ပင်ရန်၊ အကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေးအရ မဆက်ဆံရန်၊ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ လူသားချင်းစာနာမှု အထောက်အပံ့များကို အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းခြင်း မပြုလုပ်ဘဲ NUG နှင့် ဒေသခံများမှတဆင့် ပေးအပ်ရန်၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်နှင့် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများအား နိုင်ငံတကာ၌ တရားစွဲဆိုရာတွင် ပါဝင်လုပ်ဆောင်ပေးရန်တို့ကို တိုက်တွန်းတောင်းဆိုခဲ့သည်ဟု သိရှိရသည်။
တောင်ကိုရီးယားလွှတ်တော်အမတ်များက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တော်လှန်ရေးကြောင့် ပင်ပန်းနေရသည့်အချိန်တွင် သဘာဝဘေးဒဏ် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသည်ကို များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ စာနာပါကြောင်း၊ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားများနှင့်အတူ ရှိနေမည် ဖြစ်ကြောင်း၊ ထို့ပြင် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်မှု ပေးရန်အတွက်လည်း တက်ကြွစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကတိပြုကြသည်။