ပျူဘုန်ကြီး ​ပေါက်ကိုယ်​တော်ကို ကျပ်သိန်းတစ်ရာ​ပေးတဲ့ အရှင်​ဆေကိန္ဒ ဝေဖန်ခံ​နေရ

by

in

ပျူဘုန်ကြီး ​ပေါက်ကိုယ်​တော်ကို ကျပ်သိန်းတစ်ရာ​ပေးတဲ့ အရှင်​ဆေကိန္ဒ ဝေဖန်ခံ​နေရ
ဧပြီ ၁၀၊၂၀၂၅/People’s Spring
ပြည်သူတွေသတ်ဖြတ်နေတဲ့ မန္တလေးတိုင်းက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်းထားတဲ့ ပေါက်ကိုယ်တော်ဘုန်းကြီးကို ဆရာတော်ဆေကိန္ဒက ကျပ်သိန်းတစ်ရာ ပေးအပ်တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ရက်က ဆရာတော်ဆေကိန္ဒဟာ ပျူစောထီးဦးဆောင်သူ ပေါက်ကိုယ်တော်ဘုန်းကြီးကို တွေ့ဆုံပြီး ကျပ်သိန်းတစ်ရာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ပျူစောထီးဦးဆောင်သူ ပေါက်ကိုယ်တော်ဘုန်းကြီးက သူရဲ့Tik Tok မှာ တင်ထားတဲ့ ရုပ်သံဖိုင်မှာ “ဘုန်းကြီးကိုင်ထားတာ ငွေမဟုတ်ကြောင်း၊ စက္ကူတွေသာဖြစ်ကြောင်း” ဆရာတော်ဆေကိန္ဒကမိန့်ကြား ပြောဆိုထားပါတယ်။ ဒါ့အပြင် ပေါက်ကိုယ်တော်ဘုန်းကြီးကို ကျပ်သိန်းတစ်ရာပေးပြီးနောက် “ချကွာ၊လှူကြကွာ၊ ကူကြကွာ၊ ကြိုက်သလိုကွာ”ဟု ဆရာတော်ဆေကိန္ဒက မိန့်ကြားပါတယ်။
မန္တလေးတိုင်းက ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သတ်ဖြတ်ဖို့ ဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့တွေကို ဦးဆောင်ညွှန်ကြား ငွေကြေးထောက်ပံ့နေတဲ့ ပေါက်ကိုယ်တော်ဘုန်းကြီး ငွေပေးတာနဲ့ ပတ်သက်ပြီး ဆရာတော်ဆေကိန္ဒကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။
” ဆရာတော်ဆေကိန္ဒက ပေါက်ကိုယ်တော်နဲ့ အတူရှိတယ်၊ ရပ်တည်တယ်ဆိုတာကို လူလုံးထွက်ပြလိုက်တာလို့ မြင်တယ်”ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဆရာတော်ဆေကိန္ဒဟာ မဘသအဖွဲ့အစည်းကြီး ပေါ်ပေါက်လာကတည်းက ပါဝင်ပတ်သက်နေတာလို့ ရွှေဝါရောင်ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားပါတယ်။
” သူ့ကျောင်းမှာ သံဃာအစည်းအဝေးပွဲကြီးလုပ်ထဲကိုက အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်း ရှိသင့်ပြီဆိုတဲ့ စာတမ်းကို သူ့ကျောင်းမှာ စကပ်တာပဲ။ အဲ့ဒါကြောင့်မို့လို့ သူဟာ မဘသအသင်းကြီး စတင်ပေါက်ဖွားလာတာ သူ့ကျောင်းကနေ စတယ်။ ဒါကတစ်ချက်။ မဘသ ဖြစ်ပေါ်လာတော့လည်းပဲ သူက နောက်ကွယ်ကနေ တောက်လျှောက် Supporting ပေးပြီးတော့ လှုပ်ရှားတာပေါ့။ ဒါတွေကတော့ အထောက်အထားတွေ အားလုံးရှိနေတာပေါ့။ အခုကတော့ အားလုံးက မသိ​နေကြတာ​ပေါ့။ အခုမှ လူတွေကတော့ မျက်ဝါးထင်ထင် မြင်တွေ့လာတယ်”လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားပါတယ်။
ပေါက်ကိုယ်တော်ကို ကျပ်သိန်းတစ်ရာ ပေးအပ်မှုဟာ ပြည်သူတွေသတ်ဖြတ်နေမှုအပေါ် တွန်းအားပေးနေတာလို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဆက်လက်မိန့်ကြားပါတယ်။
” ဒီပေါက်ကိုယ်တော်ဟေ့ ဆိုတာ လက်နက်ကိုင်နေတယ်။ သူကိုယ်တိုင် ပြည်သူကို သတ်ခိုင်းနေတဲ့ ဗီဒီယိုဖိုင်တွေ အထင်အရှား အားလုံးရှိတယ်။ အဲဒီတော့ ဦးဇင်းတို့ဆိုတာက လူသတ်တာ၊ စေခိုင်းတာ၊ တိုက်တွန်းတာ၊ ချီးမွမ်းတာ ဒါတွေကို မလုပ်ရဘူး။ လုပ်တယ်ဟေ့ ဆိုရင် ပါရာဇိက ကျတာပေါ့။ အဲ့တော့ ပေါက်ကတုံးသတ်ခိုင်းလို့ ပြည်သူတွေ သေနေတာလဲ အားလုံးအသိပဲ။ ကိုယ့်ပြည်သူကို သတ်ခိုင်းနေတဲ့ ဒီပေါက်ကိုယ်တော်ဟေ့ ဆိုတာလဲ တတိုင်းပြည်လုံးသိနေတာကို သိန်းတစ်ရာ ပေါ်တင်ပေးတယ်ဟေ့ ဆိုတော့ မင်း ဒီပိုက်ဆံတွေနဲ့ သတ်ချင်ရာသတ် လုပ်ချင်ရာလုပ်ဆိုပြီး ပေါ်တင်မြှောက်ပေးလိုက်တာပေါ့။ ပေါ်တင်ကို ရပ်ပြလိုက်တာပဲ”လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆရာတော်ဆေကိန္ဒဟာ မော်လမြိုင်မြို့ကို ပိုက်ဆံရှာသွားရောက်ပြီး ၂ညကို ကျပ်သိန်းတစ်ထောင်ရခဲ့တဲ့အကြောင်း သီတဂူဆရာတော်နဲ့ တွေ့ဆုံစဉ်မှာ မိန့်ကြားထားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ၂ညနဲ့ ကျပ်သိန်းတစ်ထောင်ရတဲ့ ဆရာတော်ဆိုပြီး ပြည်သူအချို့က လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။
လက်ရှိမှာ ဆရာတော်ဆေကိန္ဒဟာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ တတိယမြောက် ပါမောက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ပါမောက္ခချုပ်ဆရာတော်အဖြစ် ဆရာတော်ဆေကိန္ဒတွေ့ဆုံပြီး ကျပ်သိန်းတစ်ရာ ပေးခဲ့တဲ့ ပေါက်ကိုယ်တော်ဟာ ၂၀၂၂ခုနှစ်မှာ မန္တလေး-ပြင်ဦးလွင်လမ်း၊ ၁၉မိုင်ဂိတ်က စစ်ကောင်စီတပ်ရင်းအနီးက ဘုန်းကြီးကျောင်းမှာ နေထိုင်ခဲ့ပါတယ်။
အဲဒီနောက် ကန့်ဘလူမြို့နယ်က ပျူစောထီးခေါင်းဆောင် ဝါသဝနဲ့ တွေ့ဆုံတာတွေ ပြုလုပ်ပြီးတဲ့နောက် မန္တလေးမြို့မှာ ပျူစောထီးတွေ စတင်ဖွဲ့စည်းခဲ့ပါတယ်။
မန္တလေးမြို့မှာဆိုရင် ပြည်ကြီးတံခွန်မြို့နယ်နဲ့ စိန်ပန်းရပ်ကွက်တွေမှာ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးအုပ်စု စိုးမိုးထားပါတယ်။
၁၀၂၇စစ်ဆင်ရေးအစမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းက တိုက်ပွဲတွေအတွင်း ပေါက်ကိုယ်တော်ရဲ့နာမည်ကြီးတပည့်တွေ သေဆုံးဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ အောင်ပင်လယ်လူမိုက်ခေါင်းဆောင်နဲ့သူ့ နောက်လိုက် သေဆုံးမှုက နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။
စစ်မှုထမ်းခေါ်ယူဖို့ ဥပဒေထွက်လာပြီးတဲ့နောက် ပေါက်ကိုယ်တော်ရဲ့ပျူစောထီးဂိုဏ်းက ပိုပြီးတန်ခိုးကြီးလာပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်က လူငယ်၅ဦးပါဝင်တဲ့ အနုကြမ်းစီးမှုကို ‌‌‌‌‌‌‌‌‌‌‌ရဲတွေကဖမ်းဆီးစဉ် ပေါက်ကိုယ် တော်ရဲ့ တပည့်တွေဖြစ်နေတာမို့ ကျူးလွန်ခံရတဲ့ နေအိမ်ကို ပျူစောထီး ခေါင်းဆောင်တွေကိုယ်တိုင် ခြိမ်းခြောက် အမှုပိတ်ခိုင်းခဲ့ပါသေးတယ်။
အဲဒီအမှုမှာ ပေါက်ကိုယ်တော်က ဖေ့စ်ဘွတ်ခ်မှာ Livesလွှင့်ကာ ရဲတွေကို ဝေဖန်ခဲ့သလို၊မန္တလေးမြို့တွင်းမှာ ဖမ်းဆီးနေတဲ့ ယာဉ်ထိန်းတွေကိုလည်း ၎င်းတို့အဖွဲ့ဝင်တွေကို ဖမ်းဆီးလို့ဆိုပြီး မကြာခဏ ပြောဆိုလေ့ရှိပါတယ်။
ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးအဖွဲ့ဝင် အသက် ၂၁နှစ်အရွယ်လူငယ်တဦးက “လူမိုက်ဂိုဏ်းဝင်ထားတာ။ငါ့ကို ဘယ်မော်တော်ပီကယ်မှ မဖမ်းရဲဘူး။အကုန်ပါးဆင်းရိုက်လို့ရတယ်”လို့ လက်ဖက်ရည်ဆိုင်မှာပြောဆိုဖူးတယ်လို့ ၎င်းရဲ့မိတ်ဆွေတစ်ဦးက ပြန်ပြောပြဖူးပါတယ်။
ဒီလူငယ်နဲ့ မြို့တွင်းက ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးသွားချိန်မှာလည်း အမှန်တကယ်ယာဉ်ထိန်းရဲ တွေ မဖမ်းခဲ့ဖူးလို့ သိရပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ လူထု‌နွေဦးက ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးနဲ့ စကား ပြောခဲ့ပါတယ်။
အသက်(၃၇)ဝန်းကျင်အရွယ်ရှိပြီး ယခင်က အမှိုက်ကောက်ကာ လမ်းဘေးနေထိုင်ခဲ့သူတစ်ဦးပါ။
ပေါက်ကိုယ်တော်ရဲ့ပျူစောထီးအဖွဲ့ထဲဝင်ပြီးတဲ့နောက် ၆လလောက်အကြာမှာ လက်သန်းခန့်တုတ်တဲ့ အခေါက် ရွှေဆွဲကြိုးနဲ့ Honda Fit ကားတစ်စီးနဲ့ ဖြစ်လာပါတယ်။
၎င်းတို့အဖွဲ့ရဲ့ အဓိကအလုပ်က စစ်မှုထမ်းပါတဲ့ နေအိမ်တွေဆီကနေ ငွေကြေးသိန်းရာနဲ့ချီတောင်းကာ အစားထိုးဖို့ လူရှာတာကို တမြို့လုံးအတိုင်းအတာနဲ့ လုပ်ကိုင်တာပါ။
ဒါ့အပြင် မန္တလေးမြို့တွင်းက နေရာတွေကိုပိတ်ဆို့ကာ လိုင်စင်စစ်ဆေးပြီး အကုန်ပြည့်စုံပါက ဖုန်းစစ်ကာ VPN စစ်ဆေးဖမ်းဆီးပြီး ငွေတောင်းတာတွေလုပ်ကြပါတယ်။
တခါက မန္တလေးမြို့မှာ ဆိုင်ကယ်လုယက်ခံရလို့ လိုင်းပေါ်တင်တဲ့အိမ်ကို ပျူစောထီးတွေ (လက်မောင်းမှာပြည်သူ့စစ်တံဆိပ်ပါ တီရှပ်အစိမ်း ရောင်ဝတ်ထားသူအုပ်စု)ဟာ နောက်ရက်မှာ အဲဒီနေအိမ်ကို ဝင်ရောက် ရိုက်နှက်တာတွေပြုလုပ်ခဲ့ပါတယ်။
“အခုအထဲမှာ အချင်းချင်းနေရာလုတာတွေဖြစ် နေတယ်ဗျာ။စိတ်ပျက်လိုက်တာ”လို့ အဲဒီလူက ပြောပြပါတယ်။
မန္တလေးမြို့ရဲ့နာမည်ကြီးပျူစောထီးဂိုဏ်းကိုတည် ထောင်ထားသူ ပေါက်ကိုယ်တော်ဟာ ၎င်းရဲ့အဖွဲ့တွေကို မန္တလေးမှာအခြေစိုက်ထားပြီး မတ္တရာ၊မြင်းခြံနယ်နဲ့ မကွေးတိုင်းပေါက်နယ်အထိ ဖြန့်ကျက်ထားပါတယ်။
မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးတွေကိုယ်တိုင် ပေါက်ကိုယ်တော်အမိန့်နာခံရတာမျိုး ‌‌၊ကူညီရတာမျိုးတွေရှိတယ်လို့ သိရပါတယ်။