ငလျင်ဒဏ်သင့် နေရာတွေကို မင်းအောင်လှိုင် လာကြည့်မှာမို့ အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုန်းမှာ လုံခြုံရေးတွေ အလွန်တင်းကျပ်ထား
ရန်ကုန်၊ ဧပြီ ၁၀
ရှမ်းပြည်နယ်အတွင်း အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုံးမှာ ရှိနေတဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေကို မင်းအောင် လှိုင် လာကြည့်ဖို့အတွက် လုံခြုံရေး အလွန်တင်းကျပ်ထားတယ်လို့ ဒေသပြည်သူတွေနဲ့ ဌာနဆိုင်ရာ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ မင်းအောင်လှိုင်က အထူးခရီးစဉ်အနေနဲ့ အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုံးကို ရောက်ရှိလာပြီး ညအိပ်ဖို့ကို ဟိုပုံးမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူ့ခရီစဉ်ကို လုံခြုံရေး အရမ်းတင်းကျပ်ခိုင်းခဲ့ပြီး အနီးကပ်မှ ဌာနဆိုင်ရာတွေနဲ့ တပ်တွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
” တပ်ချုပ်က ငလျင်ဒဏ်သင့်ခဲ့တဲ့ အောင်ပန်း တောင်ကြီး ဟိုပုန်းသွားမယ်။ ဟိုပုန်းမှာတော့ ဒီညအိပ်မယ်လို့တော့ သိထားတယ်။ မနေ့ညနေကမှ ဌာနဆိုင်ရာတွေကို အသိပေးတယ်။ လုံခြုံရေးတွေကတော့ အတော်ကို ခပ်များများ ချထားတာ” လို့ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ဟိုပုံးမှာ ပြိုကျပျက်စီးသွားတဲ့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးဆီကိုလည်း မင်းအောင်လှိုင်က လာရောက်ကြည့်ရှုမှာဖြစ်ပြီး ယတြာချေတာတွေလည်း လုပ်ဖို့ရှိနေတယ်လို့ သိရပါတယ်။
“ဘုရားထဲကို ဟိုအကောင်ကြီး လာမှာမို့ ပေးမဝင်တော့ဘူး” လို့ ဒေသပြည်သူတစ်ဦးက ပြောဆိုပါတယ်။
မင်းအောင်လှိုင်က နေပြည်တော်၊ မန္တလေး အပါအဝင် ငလျင်ဒဏ်သင့်တဲ့နေရာတွေကိုပဲ သွားရောက်ကြည့်ရှု စစ်ဆေးတာတွေ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပြီး အဲဒီလုပ်နေတာက သူရုံးထိုင်တဲ့ စစ်ရုံးနဲ့ သမ္မတအိမ်တော် ပြိုကျသွားတာကြောင့် ပြင်ဆင်နေဆဲကာလမှာ စစ်ဆေးရေးပုံစံနဲ့ လျှောက်သွားနေတာဖြစ်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တချို့က ဆိုပါတယ်။