KIA နှင့် မဟာမိတ်များလက်တွင် အရှင်အဖမ်းခံရသည့် တပ်မ(၇၇)တပ်မမှူး
MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ဂျပန်လိုဏ်ဂူတပ်စခန်းမှထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို KIA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်မြို့နှင့် ကသာမြို့နယ်အကြားတွင် အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့်သတင်းရင်းမြစ်က ယနေ့(ဧပြီ ၉ ရက်)ညနေ ပိုင်းက မဇ္ဈိမသို့ ပြောသည်။
“တပ်မမှူးနဲ့အဖွဲ့တွေကို ကသာမြို့အဝင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ဖမ်းခဲ့ကြတာပါ”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးရမိသူများမှာ တပ်မ(၇၇)၏ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်အဖွဲ့ဖြစ်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မူအတိအကျမသိရသေးကြောင်း အဆိုပါစစ်ရေးသတင်းရင်းမြစ် က ပြောသည်။
တပ်မ(၇၇)၏တပ်မမှူး ဗိုလ်ချုပ်အောင်သက်ဦးသည် DSA အပတ်စဥ်(၄၂)သင်တန်းဆင်းဖြစ်ပြီး ၎င်းနှင့် အဖွဲ့ကို ကသာမြို့အဝင်တွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောဆိုထားသည်။
အင်းတော်မြို့ရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ဂျပန်လိုဏ်ဂူတပ်စခန်းကို KIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ တပ်မ (၇၇)တပ်မမှူးနှင့်အဖွဲ့ ထွက်ပြေး သွားသည့်အတွက် စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ဧပြီလ ၈ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ဂျပန်လိုဏ်ဂူတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်စစ်ကူမရရှိခြင်း၊ မြေပြင်မှလက်နက်ရိက္ခာ ထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံးများပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လိုဏ်ဂူမှ တပ်မမှူးဦး ဆောင်သော အဖွဲ့သည် ဧပြီလ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။
အင်းတော်မြို့သည် စစ်ကောင်စီ၏တပ်မ(၇၇)ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ် တိုင် ကွပ်ကဲသည့်မြို့ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ဟောင်ဝစ်ဇာ နှစ်လက်၊ ၁၂၀ မမ နှစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေ သ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူး လှုပ်ရှားတပ်ရင်း(SR-1)၊ အမှတ်(၁၀)အထူးလှုပ်ရှားတပ်ရင်း(SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်း တော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာခရိုင်-ပကဖ)၊ အမှတ်(၂)ရွှေဘိုခရိုင်ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ်(၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊ မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင် MOD ၏ ထုတ်ပြန်ချက်အရ သိရသည်။