ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးပြီး စစ်တပ်ထဲ ခေါ်ဆောင်မှုများ ဖြစ်ပွားနေပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကလည်း လူငယ်များကို အတင်းအကျပ် ဖမ်းဆီး ပေါ်တာဆွဲ တပ်ထဲပို့ဆောင်မှုများ ဖြစ်ပေါ်နေ

by

in

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးပြီး စစ်တပ်ထဲ ခေါ်ဆောင်မှုများ ဖြစ်ပွားနေပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကလည်း လူငယ်များကို အတင်းအကျပ် ဖမ်းဆီး ပေါ်တာဆွဲ တပ်ထဲပို့ဆောင်မှုများ ဖြစ်ပေါ်နေ
ရန်ကုန်၊ ဩဂုတ် ၃၀
ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းတွင် အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်း ဆီးပြီး စစ်တပ်ထဲသို့ ခေါ်ဆောင်သွားမှုများ ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကလည်း လူငယ်များကို အတင်းအကျပ် ဖမ်းဆီးပေါ်တာဆွဲ စစ်တပ်ထဲသို့ ပို့ဆောင်မှုများဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ မာလာမြိုင် ၆ လမ်းထောင့်နှင့် ဗဟိုလမ်းအနီးတွင် လူငယ် ၇ ဦးကို အိမ်စီးကားများဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့က ခေါ်ဆောင်သွားကြောင်း၊ စစ်တပ်က လမ်းတွင်တားဆီးခေါ်ဆောင်ခံရသော လူငယ်များမှာ လှိုင်မြို့နယ်၊ ရပ်ကွက်များမှ လူငယ်များဖြစ်ပြီး စစ်မှုထမ်းရန် မဲပေါက်ထားသူများဖြစ်၍ သက်ဆိုင်ရာ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ လိုက်လံရှာဖွေခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်အုပ်ချုပ်ရေး စိုးမြင့်နှင့် ရာအိမ်မှူး ဘိုကြီး (ခ) ပိုကြီးတို့က ရပ်ကွက်အတွင်း စစ်မှုထမ်းရမည့် လူငယ်များစာရင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်ကြရမည့် သက်ကြီးပိုင်း အမျိုးသားများ စာရင်းကောက်ခံနေပြီး ရပ်ကွက်ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ခြိမ်းခြောက် ဖိအားပေးနေကြောင်း၊ အကယ်၍ မပူးပေါင်းလျှင် စစ်တပ်ခေါ်ပြီး ပေါ်တာဆွဲသည့် ပုံစံမျိုး ဖမ်းဆီးမှုများ ဖြစ်ပေါ်လာမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
ထို့အတူ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ် ၊ ဆူးပန်းအုပ်စု ၊ ဆူးပန်းကျေးရွာမှ စစ်မှုထမ်းရန် မဲပေါက်ထားသော လူငယ် ၂ ဦးကို စစ်တပ်က လာရောက် ခေါ်ဆောင်ရာ လူငယ် ၂ ဦးကို နေအိမ်တွင် မတွေ့ရှိသဖြင့် ဖခင်နှင့်အစ်ကိုဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့လူငယ် ၂ ဦးက ဆံရှည် နဲ့ ကုလား။ အဲဒါ စစ်တပ်က လာဖမ်းတော့ မရှိလို့ ခေါ်သွားတာက ဆံရှည်ရဲ့ အဖေ ဦးမောင်စိုးနဲ့ ကုလားရဲ့ ယောက္ခထီး ကိုတင်ကော့ကို ဖမ်းသွားတယ်။ ဝမ်းတွင်းမြို့နယ်မှာ တစ်ရွာကို နှစ်ယောက် ပေးခိုင်းတယ်။ မပေးရင် ရွာထဲအထိ ဝင်ဆွဲတယ်။ အခြားရွာတွေ လည်း ပါတဲ့သူကပါ၊ ပြေးတဲ့သူက ပြေးတယ်။ သားမရှိရင် မိဘကို ခေါ်သွားတာ။ လစဉ် စစ်တပ်က ရွာထဲ တိတ်တဆိတ် ဝင်ပြီး လာခေါ်တဲ့ အချိန်က မနက် ၄ နာရီ နဲ့ မနက် ၅ နာရီအကြားပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်း ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ နဝင်းနယ်‌မြေ ရွှေလက်လှရပ်ကွက်တွင် လျှပ်စစ်မီးများဖြတ်တောက်ပြီး စစ်တပ်က လူငယ်များကို ဝင်ရောက် ဖမ်းဆီးကြောင်း၊ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး Faw ကားများဖြင့် စစ်တပ်က ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဧရာ၀တီတိုင်း၊ ဂွလေးကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး စံဝင်းက လူငယ်များကို ရပ်ကွက်ရုံးသို့ ခဏ လာရောက်ရန် ဆင့်ခေါ်ပြီး ရပ်ကွက်ရုံးရောက်ရှိလာသော လူငယ်များကို ဖမ်းဆီးချုပ်နှောင်ကာ ဖျာပုံ ခလရ ၉၈ တပ်အတွင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
ယင်းအပြင် ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းထွန်း (ကြံ့ဖွတ်ပါတီဝင်၊ ပန်းရံလုပ်သူ) က ရပ်ကွက်တွင် စစ်မှုထမ်း လူ ငယ် များကို စုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်း များလုပ်ဆောင်ကြောင်း၊ ယခုအခါ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အသက် ၆၀ ကျော် အရွယ် သက် ကြီးပိုင်းအမျိုးသားများပါ မကျန် စစ်သင်တန်းတက်ရောက်ရေး အသံ ချဲ့စက်ဖြင့် ကြေညာနေကြောင်း သိရှိရသည်။
“စစ်ကောင်စီက သန်းထွန်းလို အုပ်ချုပ်ရေးမှူးတွေကြောင့် သက်ဆိုးရှည်နေတာ။ အခု ကျနော်တို့ ရပ်ကွက်တွေ ပြေးစရာမြေမရှိ မိသားစုအများအပြား ရွေးချယ်စရာလမ်းမရှိတော့လို့ နေ့စဥ်အမျှ အကြောက်တရားနဲ့ရင်ဆိုင်နေရပါတယ်” ဟု အမှတ် ၇ ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော စစ်ကောင်စီကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)