ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဓာတ်ဆီနှင့်ဒီဇယ်ဆီစျေးနှုန်းများ ကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြီး စက်သုံးဆီဆိုင်တချို့တွင် ဆီများ ထပ်မံပြတ် လပ်ပြန်

by

in

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဓာတ်ဆီနှင့်ဒီဇယ်ဆီစျေးနှုန်းများ ကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြီး စက်သုံးဆီဆိုင်တချို့တွင် ဆီများ ထပ်မံပြတ် လပ်ပြန်
ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဓာတ်ဆီနှင့်ဒီဇယ်ဆီစျေးနှုန်းများ ကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြီး စက်သုံးဆီဆိုင်တချို့တွင် ဆီများ ထပ်မံပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့မှ စက်သုံးဆီအရောင်းဆိုင်တချို့ထံမှ သိရှိရသည်။
ယနေ့ဩဂုတ်လ ၃၀ ရက်နေ့ ရန်ကုန်မြို့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ၃၁၀၀ ကျပ်သို့ စျေးနှုန်းမြင့်တက်ပြီး ယမန်နေ့ စျေးနှုန်းထက် 92 တစ်လီတာလျှင် ငွေကျပ် ၁၂၅ ကျပ် စျေးနှုန်းမြင့်တက်သွားကြောင်း၊ 95 ဓာတ်ဆီ တစ်လီတာလျှင် ၃၂၄၀ ကျပ်သို့ စျေးနှုန်းမြင့်တက်ပြီး ယမန်နေ့စျေးနှုန်းထက် ငွေကျပ် ၁၂၅ ကျပ် စျေးနှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ငွေကျပ် ၂၆၅၅ ကျပ်နှုန်းသို့ စျေးတက်ပြီး ယမန်နေ့စျေးနှုန်းထက် ၄၅ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၂၉၅ ကျပ်အထိ စျေးတက်ပြီး ယမန်နေ့ စျေးနှုန်းထက် ၉၅ ကျပ်စျေးနှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။
ဓာတ်ဆီနှင့်ဒီဇယ်ဆီ စျေးနှုန်းများမြင့်တက်သွားသော်လည်း စက်သုံးဆီအရောင်းဆိုင်များတွင် ဆီအားလုံး ရရှိခြင်းမရှိဘဲ စက်သုံးဆီတချို့ ပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
“ဒီနေ့ ဆီစျေးတွေ ထပ်တက်ပေမယ့် ဆီဆိုင်တွေမှာ 95 မရတဲ့ဆိုင်များတယ်။ 92 ကတော့ရသေးတယ်။ တချို့ဆိုင်တွေတော့ ဒီဇယ်တောင် မရတော့ဘူး။ ဘယ်လိုတွေဖြစ်ပြန်ပြီလဲမသိဘူး။ တန်းစီတာမျိုးတော့ အရမ်းကြီးမလုပ်ရသေးဘူး။ ဆီထပ်ပြတ်ဦးမှာလားမသိဘူး” ဟု ရန်ကုန်မှ တက္ကစီ အငှားယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့မှ ဆီလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိတွင် သီလဝါတွင် စက်သုံးဆီ ခွဲတမ်း PO များ ထုတ်မပေးကြောင်း၊ အမေရိကန်ဒေါ်လာမှာလည်း ယမန်နေ့ စစ်ကောင်စီဗဟိုဘဏ်ထံမှ လိုသလောက် မရသဖြင့် စက်သုံးဆီတင်သွင်းရန် ခက်ခဲမှုများဖြစ်ပေါ်နေကြောင်း၊ ရှေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ထုတ်ရောင်းခဲ့သော်လည်း စဉ်ဆက်မပြတ် ရောင်းမပေးနိုင်ပါက ဆီပြတ်လပ်မှုနှင့် ဒေါ်လာ ပြတ်လပ်မှု ပြန်လည် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဆီခွဲတမ်း PO တွေ မပေးပြန်ဘူး။ ဒေါ်လာလည်းမရတော့ပြန်ဘူး။ အခြေ အနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေတယ်” ဟု စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လနှောင်းပိုင်းနှင့် ဩဂုတ်လလယ်ပိုင်းအထိ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက် စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းပေးလိုက်မှသာလျှင် ဆီပြဿနာပြေလည်ခဲ့ကြောင်း၊ ယခုအခါ ဒေါ်လာ လိုသလောက် မရောင်းပေးလျှင် ဆီပြဿနာတကျော့ပြန်လာမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များက ဆိုကြသည်။
ဓာတ်ပုံ- ယနေ့နံနက်ပိုင်း ရန်ကုန်ရှိ Max ဆီအရောင်းဆိုင်မှ ဓာတ်ဆီ စျေးနှုန်း။

အကြမ်းဖက်စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန် မပေးနိုင်သော်လည်း အိမ်သုံးလျှပ်စစ်မီတာခများကို ၂ ဆနီးပါး တိုးမြှင့်ကောက်ခံပြီး လုပ်ငန်းသုံးမီတာခများမှာမူ ၃ ဆနီးပါး တိုးမြှင့်
ရန်ကုန်၊ ဩဂုတ် ၃၀

အကြမ်းဖက်စစ်ကောင်စီက အိမ်သုံးနှင့် လုပ်ငန်းသုံးလျှပ်စစ်မီတာခများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ၂ ဆမှ ၃ ဆနီးပါးအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။
လာမည့်စက်တင်ဘာလ ၁ ရက်နေ့မှစတင် မီတာခများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စရိတ်များ နှစ်အလိုက် မြင့်မားလာသဖြင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
စစ်ကောင်စီက တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခများမှာ အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ် တိုးမြှင့်ကြောင်း သိရှိရသည်။
ထို့ပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခမှာ ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံကြောင်း သိရှိရသည်။
ယခုင်က ကောက်ခံခဲ့သော မီတာခ နှုန်းထားအဟောင်းများမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခင် ကောက်ခံခဲ့သော လုပ်ငန်းမီတာခများမှ ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ ၁၀၀၀၀၁ ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့် သာ အများဆုံးကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့ကြောင့် အိမ်သုံးမီတာခများသည် ၂ ဆနီးပါး စျေးတက်သွားပြီး လုပ်ငန်းသုံး မီတာခများမှာမူ ၃ ဆနီးပါး စျေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။