သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းတွင် စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား မသာ အလောင်း ၉ လောင်း သိမ်းဆည်းရရှိ

by

in

သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းတွင် စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား မသာ အလောင်း ၉ လောင်း သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား မသာ အလောင်း ၉ လောင်း သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းမကြီး ​​အနန်းကွင်းစခန်းနားရှိ ခွန်နှစ်ဝါရွာလမ်းခွတွင် KNLA / PDF တော်လှန်ရေး ပူးပေါင်းတပ်နှင့် စကခ ၁၉ လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ-၅၈၃၊ခမရ-၅၈၇ တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၉၀ ကျော်ပါဝင်သော စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့သောကြောင့် စစ်ကြောင်း တစ်ခုလုံးသေဆုံးခြင်းမရှိဘဲ ဒဏ်ရာများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
တိုက်ပွဲပြီးဆုံးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်လင်းရေး ပြုလုပ်စဉ် စစ်သား မသာအလောင်း ၉ လောင်း သိမ်းဆည်းရရှိခဲ့ပြီး စစ်သားမသာအလောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ကြောင်း သိရသည်။
“အကြမ်းဖက် စစ်ကောင်စီ ဘက်က Mi-35နဲ့ ပစ်ကူပေးပြီး ကယ်ထုတ်သွားလို့ အဲ့လိုသာမဟုတ်ရင် စစ်ကြောင်းတစ်ကြောင်းလုံး အကုန်သေသွားနိုင်တယ်။ သိမ်းထားရတဲ့ အလောင်းက ၉ ခုပဲ ဒဏ်ရာရတာတွေလည်း အများကြီးဘဲ အကုန်နီးပါးဘဲ ဒဏ်ရာရတာ သူတို့ အလောင်း ဘယ်နှခုကို ဆွဲသွားလဲဆိုတာတော့ သေချာမသိဘူး။ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ မိသားစုဝင်တွေ အနေနဲ့ မိမိတို့ ယောက်ျားသေဆုံးသည်မှာ မှန်ကန်ကြောင်း အထက်ကို တင်ပြပြီး လျော်ကြေး ထုတ်ယူနိုင်ရန်အတွက်နှင့် ရက်လည်ဆွမ်းကျွေးပြုလုပ်နိုင်ရန်အတွက် ဓာတ်ပုံများအားထုတ်ပြန်ခြင်းဖြစ်ပါတယ်” ဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ပွဲတွင် ပါဝင်ခဲ့သော ရဲဘော် တစ်ဦးက ပြောဆိုသည်။