အင်းတော်မြို့မှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးနှင့်အဖွဲ့ကို ကသာတွင် ဖမ်းမိ
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် တပ်မ (၇၇) တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့တွင် တော်လှန် ရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ဖမ်းထားတာဟုတ်တယ်။ နောက်ဆက်တွဲတွေ တော့ မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၇ ရက် ည ၉ နာရီက အင်းတော်မြို့ရှိ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေ စိုက်ထားသည့် ဂျပန်လှိုဏ်ဂူကုန်းကို တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ် လိုက်ခြင်းဖြစ်သည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် နှင့် လက်နက်ခဲယမ်းအများအပြားကိုပါ သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ယမန်နေ့ ဧပြီ ၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြခဲ့သည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှနေ၍ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး မြို့ကိုသိမ်းပိုက်ပြီးနောက်တွင်လည်း လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#စစ်ကိုင်း #အင်းတော် #ထွက်ပြေး #၇၇တပ်မမှူး #ကသာ #ဖမ်းမိ #Ayeyarwaddy_Times
Breaking News- အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို MOD လက်အောက်ခံတပ်များက အရှင်ဖမ်းဆီးရရှိ
ရန်ကုန်၊ ဧပြီ ၉
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များက အရှင်ဖမ်းဆီးရရှိထားပြီဖြစ်သည်။
ဧပြီလ ၈ ရက်နေ့ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူမှ စခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို လမ်းခရီးတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရရှိခြင်းဖြစ်ပြီး လတ်တလောတွင် အခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောဆို၍ မရသေးဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
“ဖမ်းမိတာ Confirm ဖြစ်ပါတယ်။ တပ်မ ၇၇ တပ်မမှူး မှန်ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆို သည်။
ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူး မဖြစ်ခင် ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
” တပ်မ ၇၇ တပ်မှူးချုပ်က ဗိုလ်မှူးချုပ်အောင်သက်ဦး မှန်ပါတယ်။ အင်းတော်နဲ့ ကသာကြားမှာ မိသွားတာဆိုရင်တော့ ဖြစ်နိုင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ အမှတ် ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး စခန်းဆုတ်ခွာ ထွက်ပြေးသွား ၍ အင်းတော်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အင်းတော် မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်း မီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း သိရသည်။
အင်းတော်မြို့သိမ်း စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူး ဖြစ်ခဲ့စဉ် တွေ့မြင်ရသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး။