ချင်းပြည် ဒုတိယအကြီးဆုံး ဖလမ်းမြို့ကို ငါးလကြာ ထိုးစစ်ဆင်ပြီး သိမ်းပိုက်ရရှိ၊ ဖလမ်းတနယ်လုံး စစ်အုပ်စု ကင်းစင်ပြီလို့ ချင်းညီနောင် ကြေညာ၊ စစ်သုံ့ပန်းတွေ အပါအဝင် အလောင်းနဲ့ လက်နက်တွေ ရရှိ၊ တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံး၊

ချင်းပြည် ဒုတိယအကြီးဆုံး ဖလမ်းမြို့ကို ငါးလကြာ ထိုးစစ်ဆင်ပြီး သိမ်းပိုက်ရရှိ၊
ဖလမ်းတနယ်လုံး စစ်အုပ်စု ကင်းစင်ပြီလို့ ချင်းညီနောင် ကြေညာ၊
စစ်သုံ့ပန်းတွေ အပါအဝင် အလောင်းနဲ့ လက်နက်တွေ ရရှိ၊ တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံး၊
ကိုသူ/MFP ၊ ဧပြီ-၈

ချင်းပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းညီနောင် (Chin Brotherhood – CB) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ငါးလကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဧပြီလ ၇ ရက်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင် – CB က သတင်း ထုတ်ပြန်ပါတယ်။
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံးပြီ ဖြစ်ပြီး ဖလမ်းမြို့သာမက ဖလမ်းနယ် တနယ်လုံး စစ်အုပ်စု ကင်းစင်ပြီလို့လည်း ချင်းညီနောင်က ဆိုပါတယ်။
ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ၂၀၂၄ နိုဝင်ဘာလ ၉ရက်က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ငါးလအကြာ ၂၀၂၅ ဧပြီလ ၉ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိတာလို့ ဆိုပါတယ်။
ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင် တပ်တွေနဲ့အတူ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။
ဖလမ်းမြို့ပေါ် စစ်အုပ်စု နောက်ဆုံးကျန်စခန်းဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၆၈ လက်အောက်ခံ အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ တပ်ကုန်း စခန်းကို ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ် တပ်တွေက ဧပြီလ ၆ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဧပြီ ၇ရက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်အုပ်စုအလောင်းနဲ့ လက်နက် အများအပြားသိမ်းဆည်း ရရှိထားပြီး စစ်သုံ့ပန်း တချို့လည်း ဖမ်းဆီးရရှိကာ လက်ရှိမှာတော့ နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက လိုက်လံ ချေမှုန်းနေဆဲလို့ ဆိုပါတယ်။
အဲဒီ ဖလမ်းမြို့က နောက်ဆုံးလက်ကျန် စခန်းသိမ်း တိုက်ပွဲအတွင်း ချင်းညီနောင် မဟာမိတ် တပ်ဖွဲ့ဝင်တော် လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။