စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆက်ပြောပြန်
ရန်ကုန်၊ ဧပြီ ၈
စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက် ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုနေပြန်ပါတယ်။
စစ်တပ်အနေနဲ့ ငလျင်ဒဏ်ကူညီရေးနဲ့ ကယ်ဆယ်ရေးအတွက် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ အကြာ အပစ်ရပ်ထားပေမယ့်လည်း တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတယ်လို့ ဇော်မင်းထွန်းက ဆိုပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာ အပစ်ရပ်ကြေညာပြီး လေယာဉ်နဲ့ ဗုံးကျဲတာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကျဲတာ၊ ပြည်သူတွေကို ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်တာတွေကို အပစ်ရပ်ကြေညာပြီး စစ်တပ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။
အကြမ်းဖက် ဇော်မင်းထွန်းကတော့ ဧပြီလ ၆ ရက်နေ့မှာ KIA ၊ TNLA ၊ AA နှင့် KNDF/KNPP အနေနဲ့ စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက် တိုက်ခိုက်နေပြီး အပစ်ရပ်ရေး ကြေညာချက်ကို ဆက်လက် ချိုးဖောက်နေတယ်လို့ စွပ်စွဲပါတယ်။
“၆ ရက်နေ့ KIA အနေနဲ့ ဗန်းမော်မှာရှိတဲ့ တပ်မတော် ဌာနချုပ်တွေကို ၈၂ မမ စိန်ပြောင်းနဲ့ အဝေးကနေ ပစ်ခတ်မှုကို ည ၁၀ နာရီခွဲခန့်မှာ ပြုလုပ်ခဲ့ပါတယ်။ TNLA အဖွဲ့အနေနဲ့လည်း တောင်ခမ်းဒေသမှာ မနေ့က နေ့လယ် ၁၂ နာရီ ခွဲကျော်ကျော်လောက်မှာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF/ KNPP အနေနဲ့ ဘောလခဲမှာရှိတဲ့ ဘောလခဲ သစ်တောရုံးအနီးမှာ လုံခြုံရေးယူနေတဲ့ အဖွဲ့ကို မနေ့(ဧပြီလ ၆ ရက်နေ့) မနက် ၈ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ AA အနေနဲ့ ဂွမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်ရေယာဉ်တစ်စီးကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျောက်ဖြူမှာ လုံခြုံရေးယူနေတဲ့ စခန်းတွေကို အဝေးကနေ ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်” လို့ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပြန်ပါတယ်။
လတ်တလော ရခိုပြည် ကျောက်ဖြူမြို့နဲ့ အနီးတစ်၀ိုက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော်ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေကြတယ်လို့ ကျောက်ဖြူ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ဟာ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေကြောင့် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်နားထားမယ်လို့ နှစ်ဖက်စလုံးက ဧပြီလ ပထမ အပတ်မှာ ထုတ်ပြန်ထားကြပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်းတွေ၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိုးစစ်တိုက်ခိုက်လာရင်တော့ ခုခံစစ်အနေနဲ့ ပြန်လည် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။
ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးတစ်ဝိုက်နဲ့ ဓညဝတီရေတပ် သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ကျောက်ဖြူဒေသပြည်သူက ပြောဆိုပါတယ်။
