အင်းတော်မြို့မှနေ၍ စစ်ကောင်စီ၏ ရှေ့တန်းတပ်မဌာနချုပ် တပ်မ ၇၇ တပ်မမှူး ဦးဆောင်သည့်အဖွဲ့ ထွက်ပြေးသွားပြီး မြို့ကို အပြီးသတ်သိမ်းဆည်းရရှိ ဟု NUG ထုတ်ပြန်
ဧရာဝတီတိုင်းမ်
ဧပြီ ၈ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ပြီး မြို့ကို အပြီးသတ်သိမ်းယူခဲ့ရာ စစ်ကောင်စီ၏ တပ်မမှူးဦးဆောင်သည့်အဖွဲ့များ ထွက်ပြေးသွားကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို ရှစ်လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း MOD က ထုတ်ပြန်သည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက် သေဆုံးမှု များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ် ဆုတ်ခွာသွားခြင်း ဖြစ်သည်ဟု MOD က ဆိုသည်။
အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူး ကိုယ်တိုင် ကွပ်ကဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ ကြောင်းသိရသည်။
အင်းတော် မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ နှစ် လက်၊ ၁၂၀ မမ နှစ် လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း MOD ၏ ကနဦး ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-MOD
#အင်းတော်မြို့ #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ #သိမ်းပိုက် #တပ်မ၇၇ #တပ်မမှူးနှင့်အဖွဲ့ #ထွက်ပြေး #Ayeyarwaddy_Times