အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

by

in

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိတယ်။ ၁၂၀ မမ ၊ ၁၂၂ လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်း မြစ်က ပြောဆိုသည်။
အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်လုပ်ကာ ခုခံခဲ့ကြောင်း၊ အင်းတော်မြို့ရှိ အကြမ်း ဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၇ လကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကာ အင်းတော်တစ်မြို့နယ်လုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အင်းတော်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကူစစ်ကြောင်းတွေကိုလည်း အကြိမ်ကြိမ် ကြားဖြတ် တိုက် ခိုက်ခဲ့တယ်။ ကိုယ့်ဘက်ကလည်း ထိခိုက် ဆုံးရှုံးမှုတွေရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။