တောင်ငူမြို့၊ သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန် စေတီတော်သို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဖိနပ်စီး တက်ရောက်ခဲ့မှု စစ်ရုံးပြန်ကြားရေးမှတ်ချက်ကြောင့် ပြည်သူများ သိခွင့်ရ
ရန်ကုန်၊ ဧပြီ ၉
.
ပဲခူးတိုင်း၊ တောင်ငူမြို့၊ သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်သို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဖိနပ်စီး တက်ရောက်ခဲ့မှုကို စစ်ရုံး၏ပြန်ကြားရေး Website တွင် မှတ်ချက်ဖြင့် တကွ ဖော်ပြခဲ့သဖြင့် ပြည်သူများ သိရှိခွင့်ရရှိခဲ့ကြသည်။
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ငလျင်ဒဏ်သင့်သော ပဲခူးတိုင်းသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် တောင်ငူမြို့တွင် တည်ထားသော သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်သို့ ဖိနပ်စီး၍ တက်ရောက်ခဲ့ကြောင်း စစ်တပ်၏ ပြန် ကြားရေး Website တွင် မှတ်ချက်ပုံစံဖြင့် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
စစ်ရုံး၏ ပြန်ကြားရေးWebsite တွင် သတင်းဖော်ပြရာတွင် ” မှတ်ချက်။ (သတင်းစာများတွင်) အပျက်အစီးတွေ့ရှိများ၊ အပျက်အစီးများ ဦးစားပေးသုံးရန်။ နန်းတော်ဦး ဘုရားတွင် ဖိနပ်စီးထားသဖြင့် ပုံသုံးရာတွင် ဂရုပြုသုံးရန်၊ ဆွာချောင်းတံတား ပျက်စီးမှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများအား သင့်တော်သလိုသုံးရန်”ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ ယင်းမှတ်ချက်ကို ပြန်လည် ဖြုတ်ပယ်သွားခဲ့သည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်သည် စိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရင်ပြင်ရှိ ဘုရားပုထိုးစေတီငယ်များ ပြိုကျပျက်စီးခဲ့ပြီး မတ်လ ၂၈ ရက်နေ့ကတည်းက ကယ်ဆယ်ရေးနှင့်ကူညီရေး လုပ်သူများမှအပ အများပြည်သူများ လာရောက်ဖူးမြော်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ဒုစစ်ခေါင်း စိုးဝင်း နန်းတော်ဦး ဘုရားရင်ပြင်ပေါ်သို့ လာရောက်စစ်ဆေးခြင်း၊ ဖိနပ်စီးတက်ရောက်ခဲ့ချိန်တွင် ပြည်သူများ ဝင်ရောက်ခွင့်တားမြစ်ထား၍ မသိရှိဘဲ သတင်းမီဒီယာများတွင် သတင်းဖော်ပြမှသာလျှင် သိရှိကြောင်း၊ ဘုရားရင်ပြင်တွင် အပျက်အစီးများရှိစေကာမူ ဖိနပ်စီး တက်ရောက်မှုမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု တောင်ငူမြို့မှ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“နန်းတော်ဦး စေတီတော်က မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ပြီးတဲ့နောက်မှာ ဒေသ တပ်နယ်က တပ်မတော်သားတွေ၊ ကြက်ခြေနီ၊ မီးသတ်၊ ရဲနဲ့ ကျနော်တို့ နယ်မြေခံ ပရဟိတသမားအဖွဲ့ လုပ်အားပေးပြီး အပြိုအပျက်တွေ ဖယ် ရှားထားပြီးသားပါ။ ရင်ပြင်တော်မှာလည်း အပျက်အစီး အစအန မရှိတော့ပါဘူး။ ဘုရားပရဝဏ်ထဲမှာလည်း စေတီတော်ကြီး မူလအတိုင်း မရှိတော့ပုံစံက လွဲရင် အပျက်အစီးတွေ အကုန်ရှင်းထားပြီးသားပါ။ ဘုရားပေါ် ဖိနပ်စီးတက်တယ်ဆိုတာ ဖေ့ဘုတ်စ်ပေါ် သတင်းတက်လာမှ ကျနော်လည်း သိတာ။ ဒါကြီးကတော့ လက်ခံစရာမရှိဘူး။ စေတီတော် အပြိုအပျက်တွေ ကျနော်တို့ရှင်းတုန်းကတောင် ဘုရားရင်ပြင်မှာ ဖိနပ်မစီးကြဘူး” ဟု နန်းတော်ဦး ဘုရားစေတီတော် အပြိုအပျက်များ ရှင်းလင်းရေးတွင် ပါဝင်ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက် ဖေ့ဘုတ်စ်မက်ဆင်ဂျာမှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။
တောင်ငူမြို့ နန်းတော်ဦးလောကမာရဇိန်စေတီတော်ကြီးကို ကောဇာသက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် ဗဒုံမင်းတရားကြီး ဘိုးတော်ဦးဝိုင်းက တည်ထားပူဇော်ခဲ့ပြီး “နန်းတော်ဦး ရန်အောင်နိုင်” အမည်သတ်မှတ်ခဲ့ကြောင်း ၊ ယင်းနောက် ခေတ်အဆက်ဆက် ပြုပြင်ခဲ့ကာ သက္ကရာဇ် ၁၂၉၀ ပြည့်နှစ်တွင်“ နန်းတော်ဦးလောကမာရဇိန်” အမည်ပြောင်းလဲ ပူဇော်ခဲ့ကြောင်း သိရှိရသည်။