မန္တလေးစကိုင်းဗီလာတွင် အလောင်း ၁၄ လောင်း တစ်ရက်တည်း တွေ့ရှိရပြီး ကလေးနှင့်မိခင်အလောင်းများ ပါဝင်နေ

by

in

မန္တလေးစကိုင်းဗီလာတွင် အလောင်း ၁၄ လောင်း တစ်ရက်တည်း တွေ့ရှိရပြီး ကလေးနှင့်မိခင်အလောင်းများ ပါဝင်နေ
ရန်ကုန်၊ ဧပြီ ၈
မန္တလေးစကိုင်းဗီလာတွင် အလောင်း ၁၄ လောင်း တစ်ရက်တည်းတွေ့ရှိရပြီး ကလေးနှင့်မိခင်အလောင်းများ ပါ ဝင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် မိသားစုဝင်များ ပျောက်ဆုံးနေ၍ သွားရောက်စောင့် ကြည့်နေသူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ပြိုကျနေသည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ စကိုင်းဗီလာကွန်ဒိုအပျက်အစီးများအကြားတွင် ရှာဖွေရေးများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ကလေးနှင့်မိခင်အလောင်းများ အပါအဝင် အလောင်း ၁၄ လောင်းကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကလေးနဲ့ မိခင်တွေလို့ ယူဆရပါတယ်။ အမျိုးသမီးအလောင်းတွေနဲ့ ကလေးအလောင်းတွေ တွေ့ရတယ်။ အလောင်း တွေကတော့ အင်မတန်မှ ပျက်စီးနေပါပြီ။ အလောင်းတွေ ရှာဖွေတာတွေတော့သူတို့တွေ ဆက်လုပ်နေပါတယ်” ဟု မန္တလေးစကိုင်းဗီလာကွန်ဒို ရှာဖွေရေးများကို သွားရောက်စောင့်ကြည့်နေသည့် စကိုင်းဗီလာကွန်ဒိုတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
ပြင်ပမှ စောင့်ကြည့်မှုများအရ စကိုင်းဗီလာကွန်ဒို၏ အပျက်အစီးများသည် အလွန်ထုထည်ကြီးမားပြီး အလောင်း များ အားလုံးကို ဖယ်ရှားရှင်းလင်းရန် ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည်ကို မြင်တွေ့ရကြောင်း၊ တရုတ်နိုင်ငံမှ အဖွဲ့များက ကယ်ဆယ်ရေး ဆိုင်ရာ ခေတ်မီနည်းပညာများသုံး၍ ရှာဖွေ ကယ်ဆယ်ရေးကို ဦးဆောင်နေသဖြင့် အလောင်းများကို ဆက်တိုက် ရှာဖွေတွေ့ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စကိုင်းဗီလာ အပြိုအပျက်တွေက အရမ်းကို ထုထည်ကြီးမားတယ်။ ကယ်ဆယ်ရေးသမားတွေအတွက်လည်း အတော်ကို အန္တရာယ်များတယ်။ အောက်ကို ကျွံ့ဝင်သွားတဲ့အထပ်တွေကို အကုန်လုံးရောက်ဖို့လည်း မလွယ်ဘူး။ အခုက မြေကြီးပေါ်က အထပ်တွေနဲ့ အပြိုအပျက်တွေထဲကနေ အလောင်းတွေကို ထုတ်နေတာကိုပဲ မြင်ရတာ။ အထပ်တိုင်းအားလုံးကို အလောင်းတွေ ရှာဖွေဖို့က သိပ်ပြီးတော့ လွယ်မယ်တော့ မထင်ဘူး။ အလောင်းထုတ်နေတဲ့ ကယ်ဆယ်ရေးသမားတွေလည်း အတော်ကြီး စွန့်စွန့်စားစား လုပ်ကိုင်တာ မြင်ရတယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို နေ့စဉ် သွားရောက် ကြည့်ရှုရင်း ပျောက်ဆုံး မိသားစုဝင်တချို့၏ အလောင်းရရှိရန် စောင့်ဆိုင်းနေသူက ဆက်လက်ရှင်းပြသည်။
မန္တလေးစကိုင်းဗီလာကွန်ဒိုမှာ ၂၀၂၀ ခုနှစ်တွင် စတင်၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး အလွှာ ၁၂ ပါဝင်သော အဆောက် အအုံ ၃ လုံးပါဝင်ကာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် အဆောက်အအုံ ၂ လုံးမှာ လုံး၀ပြိုကျပျက်စီးခဲ့ကြောင်း၊ ကျန် ၁၂ လွှာ အဆောက် အအုံမှာမူ အောက်ခြေ ၅ လွှာမြေကြီးထဲသို့ ကျွံ့ဝင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။